ဘင်ဖီကာနဲ့ ရင်ဆိုင်ရမယ့် ပဲရစ်က ချန်ပီယံလိဂ်ပွဲကို ဒဏ်ရာကြောင့် လွဲချော်သွားမယ့် မက်ဆီ

တိုက်စစ်မှူး လိုင်ယွန်နယ် မက်ဆီဟာ ဘင်ဖီကာဖြင့် ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ပွဲစဉ်ကို လွဲချော်သွားမယ်လို့ သိရပါတယ်။

အသက် ၃၅ နှစ်အရွယ် မက်ဆီဟာ ခြေသလုံး ဒဏ်ရာ နာကျင်မှုကို ခံစားနေရတာပါ။ ဒါကြောင့် ပဲရစ်မှာ ယှဉ်ပြိုင်ရမယ့် ဥရောပပွဲကို လွဲချော်သွားဖို့ သေချာခဲ့တာ ဖြစ်ပါတယ်။

မက်ဆီအပြင် ကင်ပမ်ဘီကလည်း ဒဏ်ရာကနေ ပြန်လည် ထူထောင်ရေး ကိစ္စတွေကြောင့် လွဲချော်သါားမှာဖြစ်ပါတယ်။ နူနို မန်ဒက်စ်က တံကောက်ကြော ဒဏ်ရာရနေခဲ့ပြီး ရီနာတို ဆန်းချက်စ်က ဒီအပတ် ပထမအသင်းလေ့ကျင့်ရေးမှာ အသင်းဖော်တွေနဲ့အတူ ပြန်လည် ပါဝင်လာဖို့ ရှိနေပါတယ်။

မက်ဆီ ဒဏ်ရာရတာက ပီအက်စ်ဂျီအတွက် ထိခိုက်မှုကြီးဖြစ်ပြီး သူဟာ ခြေစွမ်းကောင်းတွေဖြင့် ပြင်သစ်ချန်ပီယံတွေအတွက် စွမ်းဆောင်ပြနေသူပါ။ နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ ၄ ပွဲမှာ သွင်းဂိုး ၄ ဂိုး ရထားတဲ့ မက်ဆီက အရင်အပတ် ဘင်ဖီကာကို ရင်ဆိုင်ခဲ့စဉ်ကလည်း ဂိုးရခဲ့ပါသေးတယ်။

ဒီအပတ် မက်ဆီ မပါနိုင်ချိန်မှာ ပီအက်စ်ဂျီတို့ ပြည်တွင်းလိဂ်မှာ နိုင်ပွဲရဖို့ ရုန်းကန်ခဲ့ရတယ်။ Reims ကို အဝေးကွင်း သွားရောက် ရင်ဆိုင်တဲ့ပွဲမှာ ဂိုးမရှိ သရေကျခဲ့သလို ဆာဂျီယို ရာမိုစ့်ကလည်း ထုတ်ပယ်ခံခဲ့ရပါတယ်။

ချန်ပီယံလိဂ် Group H ကို ပီအက်စ်ဂျီတို့ ဦးဆောင်ထားနိုင်ပေမယ့် ဒုတိယနေရာက ဘင်ဖီကာနဲ့ ရမှတ်တူ၊ ဂိုးကွာခြားချက်တူနေတာပါ။ ပီအက်စ်ဂျီက အုပ်စုတွင်းမှာ ရဂိုး ၆ ဂိုးရှိထားပြီး ဘင်ဖီကာက ၅ ဂိုးပဲ ရထားခြင်းနဲ့ နှစ်သင်းထိပ်တိုက်တွေ့မှုမှာ ပီအက်စ်ဂျီတို့ အသာရထားခြင်းကြောင့် ဇယားထိပ်ကို ရောက်နေတာဖြစ်ပါတယ်။

ချန်ပီယံလိဂ် အုပ်စုတွင်းမှာ အီတလီ ဘီလူကြီး ဂျူဗင်တပ်အသင်း ရှိနေသေးတာမို့ ရှုံးထွက်တက်နိုင်ရေး စိတ်အေးရအောင် ဒီအပတ်ပွဲ ဘင်ဖီကာကို ရင်ဆိုင်စဉ် ပီအက်စ်ဂျီတို့ ရလဒ်ကောင်းယူထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။