ဆောင်းပါး | တနင်္ဂနွေနေ့ ပရီးမီးယားလိဂ်ပွဲတွေအတွက် ဒိုင်တွေရဲ့ ကွဲပြားတဲ့ လက်ထိဘော ဆုံးဖြတ်ချက်များ

တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃ ပွဲမှာ ကွင်းလယ်ဒိုင်လူကြီးနဲ့ VAR ဒိုင်တွေဟာ အငြင်းပွားစရာ ဆုံးဖြတ်ချက်တွေကို ပြုလုပ်ခဲ့တာကို တွေ့ခဲ့ရပါတယ်။

ပရီးမီးယားလိဂ် ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက် မတည်ငြိမ်မှုဟာ အတော်လေး ဝေဖန် ခံနေရတာပါ။ အချို့ပွဲတွေမှာ ကံကောင်းတဲ့ ဆုံးဖြတ်ချက်တွေ ရတတ်သလို အချို့ပွဲမှာတော့ ကံဆိုးတဲ့ ဆုံးဖြတ်ချက်တွေ ရတတ်တာကြောင့် ဘယ်လို ဒိုင်ကို ရမလဲက ပွဲရလဒ်ကို အဆုံးအဖြတ် ပေးတဲ့ထိ သက်ရောက်မှု ရှိလာနေပါတယ်။

အာဆင်နယ် – လီဗာပူး ပွဲ

အာဆင်နယ်နဲ့ လီဗာပူးတို့ ထိပ်တိုက်တွေ့တဲ့ ပရီးမီးယားလိဂ်ပွဲကြီးမျိုးမှာတောင် ကွင်းလယ်ဒိုင်နဲ့ VAR ရဲ့ ဆုံးဖြတ်ချက်တွေက အငြင်းပွားစရာတွေ ပေးခဲ့ပါတယ်။

The Athletic သတင်းဌာနက ” ကနဦး အခြေအနေအရ အာဆင်နယ်အတွက် မကောင်းခဲ့ပါဘူး။ ဂါဘရီရယ်ရဲ့ လက်မောင်းဟာ သဘောဝမကျတဲ့ အခြေအနေ ဖြစ်နေခဲ့သလို ဘောလုံးက သူ့လက်အောက်ပိုင်းကို ရှင်းရှင်းလင်းလင်း ထိသွားခဲ့တာဖြစ်ပါတယ်။

အဆိုပါဖြစ်ရပ်အတွက် မိုက်ကယ်အိုလီဗာကတော့ ပင်နယ်တီ မပေးဖို့ ဆုံးဖြတ်ခဲ့ပြီး VAR က အဆိုပါဖြစ်ရပ်ကို စစ်ဆေးခဲ့ရာမှာ အိုလီဗာရဲ့ ဆုံးဖြတ်ချက်အတိုင်း မပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ပင်နယ်တီ မပေးဖို့ ဒိုင်လူကြီးနဲ့ VAR တို့ ဆုံးဖြတ်ခဲ့တာဟာ ဂျိုတာရဲ့ ဖြတ်တင်ဘောကို တုန့်ပြန်ရေး ဂါဘရီရယ်မှာ အချိန်မရှိသလို ဘောလုံးနဲ့ အရမ်း နီးကပ်နေတာကြောင့် လို့ နားလည်ထားရပါတယ် ” ဆိုပြီး ရှင်းလင်း ဖော်ပြထားပါတယ်။

ကနဦး အခြေအနေအရ unnatural position ဖြစ်နေတာ မှန်ကန်ကြောင်းပြီး ပင်နယ်တီ ပေးသင့်ပေမယ့် စည်းမျဉ်းအရ ဘောလုံးနဲ့ နီးကပ်နေတာကြောင့် မပေးခဲ့တာလို့ The Athletic ရှင်းပြခဲ့တာဖြစ်တယ်။

လီဗာပူးပရိသတ်တွေကပဲ နီးကပ်တယ်ဆိုတာကို ဘယ်လို အတိုင်းအတာနဲ့ တိုင်းတာမှာလဲ? အိုလီဗာ မဟုတ်ဘဲ အခြားဒိုင်လူကြီးဆိုရင် ပင်နယ်တီ ဖြစ်သွားနိုင်တယ် မဟုတ်လား? လို့ မှတ်ချက်ပေးရာကာ ထပ်မံကာ အငြင်းပွားခဲ့ကြပါတယ်။

အဲဗာတန် – မန်ချက်စတာ ယူနိုက်တက် ပွဲ

နောက်ထပ် အငြင်းပွာစရာက ယူနိုက်တက်တိုက်စစ်မှူး ရက်ဖိုဒ့်ရဲ့ သွင်းဂိုးကို လက်ထိခြင်းကြောင့် ပယ်ဖျက်ခဲ့ပေမယ့် တနင်္ဂနွေနေ့ အခြားသော ပွဲမှာတော့ ခွင့်ပြုခဲ့ခြင်းပဲ ဖြစ်ပါတယ်။

အဲဗာတန်ပွဲမှာ ဘောလုံးနဲ့အတူ ပြေးလွှားကျော်ဖြတ်ဖို့ ကြိုးစားခဲ့တဲ့ ရက်ဖိုဒ့်ဟာ တာကိုစကီရဲ့ စလိုက်ထိုးမှုကို ခုန်ရှောင်ရင်း ဖောက်ထွက်ခဲ့ အပြီး ပစ်ဖိုဒ့်ကို ကျော်ဖြတ်ကာ ဂိုးရခဲ့ပါတယ်။

သို့ပေမယ့် တာကိုစကီးရဲ့ စလိုက်ထိုးမှုကို ကျော်ဖြတ်စဉ် ခုန်ရှောင်ခဲ့တဲ့ ရက်ဖိုဒ့်ဟာ ခုန်ထွက်လာတဲ့ ဘောလုံးကို လက်နဲ့ထိခဲ့မိတာပါ။ အဲ့တာကြောင့်ပဲ လက်ထိဘောအဖြစ် သွင်းဂိုးကို ပယ်ဖျက်ဖို့ VAR က ဆုံးဖြတ်ခဲ့ပါတယ်။ ယူနိုက်တက်တို့ အနိုင်ရခဲ့တာကြောင့် ဒီဆုံးဖြတ်ချက်ဟာ လူပြောမများခဲ့တာ ဖြစ်ပါတယ်။

ဝက်စ်ဟမ်း – ဖူလ်ဟမ် ပွဲ

အစောပိုင်းမှာ ယှဉ်ပြိုင်တဲ့ ဝက်စ်ဟမ်း ဖူလ်ဟမ်ပွဲမှာတော့ ရက်ဖိုဒ့်ရဲ့ သွင်းဂိုးကို ပယ်ဖျက်ခဲ့တဲ့ ဖြစ်ရပ်နဲ့ ဆင်တူတဲ့ အနေအထားအဖြစ် ဝက်ဟမ်း တိုက်စစ်မှူး အန်တိုနီယိုရဲ့ သွင်းဂိုး မတိုင်ခင် လက်ထိခဲ့ပေမယ့် ဂိုးအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။

အန်တိုနီယိုကလည်း ပြိုင်ဘက်ရဲ့ ဖြတ်ထုတ်မှုကို ကျော်ဖြတ်စဉ် ဘောလုံးကို လက်နဲ့ ထိခဲ့မိတာဖြစ်ကာ ကွင်းလယ်ဒိုင်က ဂိုးပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဆိုပါ ဆုံးဖြတ်ချက်ကို VAR ဒိုင်လူကြီးဖြစ်တဲ့ Chris Kavanagh ကလည်း သဘောတူခဲ့ပါတယ်။

ဒါကြောင့် Chris Kavanagh ဟာ ယူနိုက်တက်ပွဲကို VAR ဒိုင်အဖြစ် ကိုင်တွယ်ခဲ့ရင်
ရက်ဖိုဒ့်ရဲ့ သွင်းဂိုးက တရားဝင် ခွင့်ပြုခံရမှာဖြစ်တယ်။ အခြားတစ်ဘက်မှာ ယူနိုက်တက်ပွဲကို တာဝန်ယူခဲ့တဲ့ ပွဲနေ့ဒိုင်နဲ့ဆိုရင် အန်တိုနီယိုရဲ့ သွင်းဂိုးက ပယ်ဖျက်ခံရမှာ ဖြစ်ပါတယ်။

ဒီအချက်တွေဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ လက်ထိဘောနဲ့ အခြားသော ပြစ်ဒဏ်ဆိုင်ရာ ဥပဒေမျိုးအတွက် သတ်မှတ်ချက်ရှိပေမယ့် မတူညီတဲ့ ဒိုင်လူကြီး မတူညီတဲ့ VAR ဒိုင်တွေအရ ဆုံးဖြတ်ချက်တွေ ကွဲပြားမှုရှိနေတယ်ဆိုတာ သိသာနေစေတာဖြစ်တယ်။

ပရီးမီးယားလိဂ်ဒိုင်တွေရဲ့ မတည်ငြိမ်တဲ့ ဆုံးဖြတ်ချက်တွေအရ အချို့ပွဲမှာ အသာ ရစေနိုင်သလို အချို့ပွဲတွေမှာ ရလဒ်ကို ထိခိုက်စေနိုင်တာကြောင့် ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်ဟာ ပိုလိုတောင် ဝေဖန်စရာတွေ ဖြစ်လာနေခဲ့ပါတယ်။