စတုတ်လို မကစားပါနဲ့လို့ သတိပေးတဲ့ ပီတာခရော့၊ ချန်ပီယံလိဂ်မှာ ခြေစွမ်းပြဖို့ အပြောင်းအရွှေ့ လိုပါတယ်ဆိုတဲ့ ကွန်တီ

စပါးအသင်းဟာ ဒီရာသီမှာ ယှဉ်ပြိုင်ထားတဲ့ ပြိုင်ပွဲစုံ ၁၁ ပွဲအတွင်း ၂ ပွဲပဲ အရေးနိမ့်ထားပေမယ့် သူတို့ရဲ့ ကစားဟန်နဲ့ ပတ်သက်လို့ ဝေဖန်ခံရမှုတွေ ရှိနေပါတယ်။

အာဆင်နယ်ကို ၃-၁ ဖြင့် အရေးနိမ့်အပြီး ဖရန့်ဖတ်အသင်းနဲ့ ယှဉ်ပြိုင်ကစားတဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း ဂိုးမရှိ သရေရလဒ် ထွက်ပေါ်ခဲ့ပြန်ပါတယ်။ ဟယ်ရီကိန်း၊ ဆွန်ဟောင်မင်နဲ့ ရစ်ချာလီဆန်တို့ဟာ အဆုံးသတ်ပိုင်း ဧရိယာအတွင်းမှာ အခွင့်အရေးယူဖို့ အားနည်းချက်တွေ ရှိနေခဲ့ပါတယ်။

ကွန်တီက စပါးအသင်းသားတွေ အခွင့်အရေး ဖန်တီးနိုင်တဲ့အပေါ် ကျေနပ်နေပြီး အဆုံးသတ်ပိုင်း ပိုကောင်းကောင်း လုပ်နိုင်ကြဖို့ လိုအပ်နေတာလို့ မှတ်ချက်ပေးခဲ့တယ်။ စပါးတိုက်စစ်မှူးဟောင်း ပီတာခရော့ကတော့ ကွန်တီရဲ့ ပွဲချဉ်းကပ်ပုံဟာ ပြဿနာတွေ ရှိနေတယ်လို့ ခံစားမိနေပါတယ်။

ခရော့ကပဲ ‘ စတုတ်စီးတီး အသင်းမှာတုန်းက ဒီနည်းစနစ်နဲ့ ကျနော် ကစားလာတာပါ။ စပါးအသင်းမှာကျ အဲ့လို နည်းစနစ်နဲ့ ကစားဖို့ လုံလောက်တဲ့ ကစားသမားတွေ မရှိပါဘူး။ သူတို့က နည်းနည်းပိုပြီး ဈေးကြီးလွန်းတယ်လို့ ထင်ပါတယ်။

ဒါပေမယ့် အဲ့နည်းလမ်းနဲ့ ကစားမယ်ဆိုရင် အသင်းသားတွေထံက ပိုရလာအောင် လုပ်ရမယ်၊ ဘောလုံး ပိုထွက်လာအောင် လုပ်ရမယ်၊ ပိုပြီး တိုးတက်စွာ ကစားနိုင်ဖို့ လိုအပ်သလို ပိုပြီး တိုက်ခိုက်လိုစိတ်နဲ့ ကစားဖို့ လိုပါမယ် ’ လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

စပါးပါဝင်တဲ့ Group D မှာ ကလပ်တွေက ရမှတ်တွေ မပြတ်သားကြပါဘူး။ စပို့တင်းက ရမှတ် ၆ မှတ်ဖြင့် ဦးဆောင်နေချိန်မှာ စပါးနဲ့ ဖရန့်ဖတ်က ၄ မှတ်စီ ရထားကြပြီး မာဆေးကတော့ ၃ မှတ်ဖြင့် ဇယားအောက်ဆုံးမှာ ရှိနေတာဖြစ်ပါတယ်။

ဂျာမနီမှာ ယှဉ်ပြိုင်တဲ့ အဝေးကွင်းပွဲမှာ သရေကျခဲ့တဲ့အပေါ် ကွန်တီက ‘ ချန်ပီယံလိဂ်မှာ ကစားနိုင်တာက အသင်းအတွက် အကြီးမားဆုံး အောင်မြင်မှုပါ။ မနှစ်ကရာသီကို အသင်းသား ၁၂ ယောက် ၁၃ ယောက်လောက်နဲ့ ရာသီသိမ်းကောင်းအောင် လုပ်နိုင်ခဲ့တာပါ။

ကျနော်တို့ ခြေလှမ်းတွေအတွက် စိတ်ရှည်ရပါမယ်။ ချန်ပီယံလိဂ်ဟာ ယူရိုပါလိဂ်၊ ယူရိုပါ ကွန်းဖရန့်တို့နဲ့ မတူပါဘူး။ အကောင်းဆုံး အသင်းနဲ့ ယှဉ်ပြိုင်ဖို့ လိုသလို အပြောင်းအလဲတွေ ပြုလုပ်ဖို့က ခက်ခဲပါတယ်။ ကျနော်က အပြောင်းအရွှေ့ ဈေးကွက်အကြောင်း ပြောနေတာဖြစ်ပြီး နောက်ထပ် ဈေးကွက် နည်းနည်း အချိန်လိုပါတယ် ’ လို့ မှတ်ချက်ပေးသွားတာ ဖြစ်ပါတယ်။