ရီးရဲလ်မက်ဒရစ် ချန်ပီယံလိဂ်ရလို့ အောင်ပွဲခံတာ ဆန်းလို့လားလို့ နာမည်တပ် တုန့်ပြန်တဲ့ ပီရက်ဇ်

ရီးရဲလ်မက်ဒရစ် ဥက္ကဋ္ဌ ပီရက်ဇ်က ချန်ပီယံလိဂ်မှာတော့ မပြိုင်လိုဘဲ ချန်ပီယံလိဂ်ဖလား အနိုင်ရတာကို သဲကြီးမဲကြီး အောင်ပွဲခံတယ်ဆိုတဲ့ ပီအက်စ်ဂျီ ဥက္ကဋ္ဌရဲ့ ထိုးနှက်မှုကို တုန့်ပြန်လိုက်ပါတယ်။

ပီအက်စ်ဂျီ ဥက္ကဋ္ဌဟာ ပြင်သစ်ကလပ် ကိုယ်စားပြုခြင်းထက် ဥရောပကလပ်အဖွဲ့ချုပ် ကိုယ်စား ရီးရဲလ်မက်ဒရစ်ကို ဝေဖန်ခဲ့တာပါ။ ပီရက်ဇ်ကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲ သမိုင်းမှာ အအောင်မြင်ဆုံး အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်က ဒီဖလားရဲ့ ကြီးကျယ်မှုနဲ့ တန်ဖိုးကို ကောင်းကောင်းသိပါတယ်လို့ ထုတ်ဖော်ခဲ့ပါတယ်။

ပီရက်ဇ်က ” စူပါလိဂ် ကျင်းပရေးပုံစံက ဆွေးနွေးလို့ မပြီးသေးပါဘူး။ ဘောလုံးနဲ့ ပတ်သက်လို့ ယူအီးအက်ဖ်အေရဲ့ မိုနိုပိုလီ ကစားပွဲက မေးခွန်းထုတ်ရမှုတွေ ရှိနေပြီးပါပြီ။ စူပါလိဂ်ဆိုတာ ပိတ်ထားတဲ့ ပြိုင်ပွဲမျိုး မဟုတ်ပါဘူး။ ပြိုင်ပွဲရဲ့ ၂၅% ကို ဖွင့်ပေးထားပါတယ်။

ဒီတလော ဥရောပကလပ်အဖွဲ့ချုပ် (ECA) ဥက္ကဋ္ဌက ရီးရဲလ်မက်ဒရစ်တို့ ချန်ပီယံလိဂ်ဖလား အနိုင်ရတော့ အရူးအမူး အောင်ပွဲခံတဲ့အကြောင်း လာပြောနေတယ်။ သူ့ကို ရီးရဲလ်မက်ဒရစ်က ဘယ်လို အသင်းလဲဆိုတာ သတိပြန်ရဖို့ သတိပေးရမယ် ထင်တယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲဆိုတာ ရီးရဲလ်မက်ဒရစ်ရဲ့ ဒီအန်အေပဲ။ ဒီအသင်းက ဘောလုံးလောက တစ်ခုလုံးကို ကာကွယ်ဖို့ တာဝန်ရှိတယ်။ ဘယ်လို ခြိမ်းခြောက်လာမှုကိုမှ လက်ခံမှာ မဟုတ်ပါဘူး။ စူပါလိဂ်ကလည်း တရားစီရင်ဆဲ ကာလမှာပဲ ရှိနေပါသေးတယ်။

ဥရောပဘောလုံးနဲ့ ပတ်သက်ပြီး အမှတ်အသားဖြစ်စေဖို့ရာ ဖြေရှင်းနိုင်တဲ့ ဆုံးဖြတ်ချက် တစ်ခု ထွက်ပေါ်လာဖို့ မျှော်လင့်ထားပါတယ်။ အဲ့ကိစ္စနဲ့အတူ ဘောလုံးလောက အခြေအနေကို ပြောင်းလဲဖို့ ကျနော်တို့ အတူတကွ လုပ်ဆောင်သွားမှာပါ ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဥရောပစူပါလိဂ်ဟာ ဘောလုံးသမိုင်းမှာ လုံးဝ မရှိသေးတဲ့ အခမ်းနားဆုံး ပြိုင်ပွဲတစ်ခုကို ကလပ်တွေဘက်က ကိုယ်ထူကိုယ်ထဖြင့် စတင်ဖို့ ကြံရွယ်ခြင်းပါ။ ဒါဟာ ကာလရှည် ရှိလာခဲ့တဲ့ ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်အေရဲ့ လုပ်ပိုင်ခွင့်နဲ့ သွားရောက် ညိစွန်းခဲ့တာဖြစ်ပါတယ်။

လက်တလောမှာ စူပါလိဂ် ဦးဆောင်ကလပ်အဖြစ် ရီးရဲလ်မက်ဒရစ် ရှိနေတာဖြစ်ပြီး ၎င်းတို့ကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲထက် ကလပ်တွေအတွက် ပိုမို အကျိုးဖြစ်နိုင်မယ့် ခွဲထွက် ပြိုင်ပွဲကြီးကို ယှဉ်ပြိုင်နိုင်ရေး ဆက်လက် ကြိုးစားနေသေးတာ ဖြစ်ပါတယ်။