ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ တိုနီ ခရူးစ် ပြောတဲ့ သူ ရင်မဆိုင်လိုတဲ့ လီဗာပူး အသင်းသား

ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ တိုနီ ခရူးစ်က သူရင်ဆိုင်မတွေ့လိုတဲ့ လီဗာပူးအသင်းသား အကြောင်းကို ထုတ်ပြောမှု လုပ်ခဲ့ပါတယ်။

Prime Video Sport ကနေ ခရူးစ် ထုတ်ပြောခဲ့တာက လီဗာပူးတိုက်စစ်သမား ဆာလာဟာ တာတိုအပြေးမှာ သိပ်မြန်တာကြောင့် သူရင်ဆိုင် မတွေ့လိုပါဘူးလို့ ဆိုပါတယ်။ ဒီနှစ်တွေအတွင်း လီဗာပူးအသင်းနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ တွေ့ဆုံမှုတွေမှာ အသာစီးရလေ့ရှိပေမယ့် ခရူးစ်က ဆာလာကို အထင်ကြီးမှုတွေ ရှိထားပါတယ်။

ရုပ်သံအဖွဲ့က ဂျာမာန်သားကို “ ခရူးစ်နဲ့ ဆာလာတို့ တာတိုအပြေးမှာ ထိပ်တိုက် ယှဉ်ပြိုင်ရင် ဘယ်သူနိုင်မလဲ ?” လို့ မေးခွန်းထုတ်ခဲ့တာပါ။

“ သူနဲ့ ယှဉ်ပြိုင်ရတာမျိုး မလုပ်ချင်ပါဘူး။ နောက်ဆုံးရလဒ်က အဝါကဒ် ထိသွားတာပဲ အဖတ်တင်လိမ့်မယ် ” လို့ ခရူးစ်က ပြန်ပြောခဲ့တာပါ။

မနှစ်ကရာသီမှာ ဆာလာဟာ အင်္ဂလန်လိဂ်ရဲ့ ဒုတိယအမြန်ဆုံး ပြေးနှုန်အဖြစ် 22.7 mph နှုန်းကို ပြေးထားနိုင်သူဖြစ်ပါတယ်။ တောင်ပံတွေမှာ သိပ်မြန်တာကြောင့် လီဗာပူးရဲ့ ကောင်တာတိုက်စစ်တွေမှာ ဆာလာရဲ့ ခြိမ်းခြောက်နိုင်စွမ်းက အတော်လေး ကြီးမားပါတယ်။

ဆာလာဟာ ၂၀၁၇ မှာ ရိုးမားကနေ လီဗာပူးအသင်းထံ ပေါင် ၃၇ သန်းဖြင့် ပြောင်းလာခဲ့ကတည်းက ချန်ပီယံလိဂ် ဗိုလ်လုပွဲ အပါအဝင် ပြိုင်ပွဲစုံမှာ သွင်းဂိုး ၁၆၀ ထိ ရရှိထားသူဖြစ်ပါတယ်။

သူဟာ ရီးရဲလ်မက်ဒရစ်နဲ့ အကြွေးဆပ်စရာ ရှိခဲ့ပေမယ့် မနှစ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ မအောင်မြင်ခဲ့ဘဲ ဗင်းနီးဆီးယက်စ်ရဲ့ သွင်းဂိုးကြောင့် ချန်ပီယံဖလားကို လက်လွတ်ခဲ့ရတာဖြစ်တယ်။

နည်းပြယာဂင်ကလော့ပ်က ဒီရာသီမှာလည်း လီဗာပူးက ချန်ပီယံလိဂ်ဖလားအတွက် စိန်ခေါ်ဦးမယ်လို့ ဗိုလ်လုပွဲအပြီးမှာ ထုတ်ပြောထားပြီး ၅ ရာသီအတွင်း ဖိုင်နယ် ၃ ကြိမ် တက်ခဲ့တဲ့ မာဆေးဆိုဒ်ကလပ်ဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ မျှော်လင့်ထားသလို ခရီးဝေးဝေးထိ ရောက်နိုင်မလား စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။