ဘယ်အချိန်ကျမှ မက်ဂွဲရားကို အင်္ဂလန်အသင်းကနေ ချန်ရစ်မလဲ ဆိုတာ ဂျာမနီနဲ့သရေပွဲ အပြီးမှာ ဆောက်ဂိတ် ထုတ်ပြော

အင်္ဂလန်အသင်းဟာ ညက ဂျာမနီအသင်းကို ရင်ဆိုင် ကစားရာမှာ ၃-၃ နဲ့ သရေ ကျသွားခဲ့ပါတယ်။ အသင်းရဲ့ အရေးကြီး အနေအထားမှာ မက်ဂွဲရား တစ်ယောက် အမှား ထပ်မံ ကျူးလွန်ခဲ့သေးပေမယ့် အင်္ဂလန် နည်းပြ ဆောက်ဂိတ် ကတော့ သူ့ရဲ့ တပည့်ကျော် ဘက်က ထပ်ပြီး ကာကွယ် ပြောဆိုသွားပါတယ်။

မက်ဂွဲရားဟာ မန်ချက်စတာ ယူနိုက်တက်မှာ ပွဲထွက်ကနေ ချန်လှပ်ခံထားရပေမယ့် ဆောက်ဂိတ်ရဲ့ အင်္ဂလန် အသင်းမှာတော့ ဒီလထဲ ကစားတဲ့ နှစ်ပွဲလုံးမှာ ပွဲထွက် ပါဝင်ကစားခဲ့တာပါ။

မက်ဂွဲရားကို ရွေးချယ်တာ မှားယွင်းကြောင်း ဂျာမနီဘက် ပင်နယ်တီ လက်ဆောင်ပေးကာ ဝင်ဘာလေမှာ မြင်ခဲ့ရပေမယ့် ဆောက်ဂိတ် ကတော့ မက်ဂွဲရားကို ဘယ်အချိန်မှ ပစ်ပယ်မလဲ ဆိုတာ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဂျာမနီနဲ့ ပွဲ အပြီးအင်တာဗျူးမှာ မက်ဂွဲရားရဲ့ အမှား ကိစ္စ မေးမြန်းခံခဲ့ရရာ ဆောက်ဂိတ်က အခုလို အခိုင်အမာ ကာကွယ် သွားခဲ့တာပါ။

” လူတိုင်းက ဟယ်ရီ အပေါ်ပဲ အာရုံစိုက် ပြောကြတော့မယ် ဆိုတာ ကျနော် သိပါတယ်။ ဒါပေမယ့် ဒီနှစ်ပွဲ အတွင်းမှာ ဟယ်ရီ လုပ်ဆောင်ပေးခဲ့တဲ့ အရေးကြီး အခိုက်အတန့်တွေ ရှိခဲ့တယ်။

ဒီလိုမျိုးအသင်း အတွက် လုပ်ပေးတဲ့ သူ နောက်ထပ် ဥပမာဆိုရင် လုခ်ရှောဗျာ။ သူလည်း ထူးချွန်တဲ့ ကစားသမား တစ်ယောက်ပဲ။ ဒီတော့ ကျနော်တို့ ဘယ်လို လုပ်မလဲ။ ဒီည လုပ်ပြတာမျိုး မြင်ခဲ့လျက်နဲ့ သူက လုံလောက် ကောင်းမွန်မှု မရှိပါဘူး ဆိုပြီး သူ့ကို ဖယ်ထုတ်ထားခဲ့မလား ?

စကားနိုင်လုမယ်ဆိုရင် ပြောစရာတွေက အမြဲ ရှိမှာပဲ။ ဒါပေမယ့် ကျနော်ကတော့ သူတို့ အစွမ်းပြတဲ့ အခိုက်အတန့် လေးတွေကနေ အသင်း အတွက် အကောင်းဆုံး ထုတ်ယူဖို့ပဲ တွေးတယ်။

ကျနော်တို့ဘက်ကသာ သူ့ကို လုံးဝ ကာကွယ် ပြောဆိုပေးဖို့ မဖြစ်နိုင်သလောက် နီးပါး ဒါမှမဟုတ် ရွေးကို မရွေးသင့်တော့တဲ့ အနေအထား မဟုတ်ရင် အသင်းအတွက် အတွေ့အကြုံ အရှိဆုံး သူတွေကို ဖယ်မထားခဲ့နိုင်ပါဘူး။ ” လို့ ဆောက်ဂိတ်က ယတိပြတ် ပြောဆိုခဲ့ပါတယ်။

အီတလီကို ရှုံးပြီးနောက် နေးရှင်းလိဂ်ကနေ တန်းဆင်းခဲ့ရတဲ့ အင်္ဂလန်ဟာ အဆုံးအဖြတ် အရေးမပါတဲ့ ဂျာမနီနဲ့ လို ပွဲမှာ အတွေ့အကြုံ နုနယ်တဲ့ ကစားသမားတွေကို ပွဲထုတ်မယ် မျှော်လင့်ခဲ့ကြပြီး အေစီမီလန်မှာ ခြေစွမ်းပြနေတဲ့ တိုမိုရီ ကို ချန်လှပ်ကာ မက်ဂွဲရားကို ထပ်မံ ပွဲထုတ်လိုက်တာက ဆောက်ဂိတ်ကို ပြောစရာတွေ ထပ်ရှိသွားစေခဲ့ပြန်ပြီ ဖြစ်ပါတယ်။