ဆောင်းပါး | လက်ရှိ ဘောလုံးကမ္ဘာမှာ တန်ဖိုးအမြင့်ဆုံး ဖြစ်နေတဲ့ ထိပ်ဆုံး ဆုဖလား (၅) ခု

ဘောလုံးကမ္ဘာမှာ ပွဲတွေအနိုင်ရတာ၊ ဆုဖလားတွေ အောင်မြင်တာဟာ ဘယ်ဘောလုံးအသင်းအတွက်မဆို အဓိက ရည်မှန်းချက်တွေ ဖြစ်ပါတယ်။ ဘောလုံးဟာ ကမ္ဘာပေါ်မှာ အကျော်ကြားဆုံး အားကစားဖြစ်လာခဲ့ပြီး နာမည်အကြီးဆုံး ပြိုင်ပွဲတွေရဲ့ ဆုဖလားတွေဟာ ကမ္ဘာတလွှားက ဘောလုံးပရိသတ်တွေကြား ထင်ရှားပါတယ်။

ဘောလုံးအသင်းတစ်သင်းအတွက် ပြိုင်ပွဲတစ်ခုရဲ့ အဆုံးသတ်မှာ ဖလားတစ်လုံးသယ်ပြီးအိမ်ပြန်ရတာထက် ပိုကောင်းတဲ့ ခံစားချက် မရှိနိုင်ပါဘူး။ ကမ္ဘာ့လူကြိုက်အများဆုံး အားကစားဖြစ်တာနဲ့အတူ လှပတဲ့ပွဲအပေါ် ငွေတွေအများကြီး ရင်းနှီးမြုပ်နှံထားကြပါတယ်။

ဘောလုံးလောကမှာ ဒီလို ဂန္တဝင်ဆန်တဲ့ ဆုဖလားတွေဟာ ငွေရေးကြေးရေးအရလဲ အရမ်းကို တန်ဖိုးရှိတယ်ဆိုတာ အံ့ဩစရာတော့ မဟုတ်ပါဘူး။

ဒါဆို ကမ္ဘာ့ဘောလုံးလောကရဲ့ ဈေးအကြီးဆုံး ဆုဖလား ၅ လုံးအကြောင်းကို ကြည့်လိုက်ရအောင်။

(၅) စီးရီးအေ – ယူရို ၅၅,၀၀၀

စီးရီးအေဆုဖလားဟာ ရာသီကုန်တိုင်းမှာ အီတလီ ထိပ်သီးလိဂ် ချန်ပီယံကို ပေးအပ် တာဖြစ်ပြီး ယူရို၅သောင်းခွဲ ကုန်ကျပါတယ်။ ဒါကို Coppa Campioni d’Italia လို့ခေါ်ပြီး ၁၉၆၀-၆၁ ရာသီကတည်းက အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၀၄ မတိုင်ခင်မှာ ဆုဖလားကို ကွင်းထဲမှာ အနိုင်ရတဲ့အသင်းဆီ ဘယ်တော့မှ မပေးခဲ့ပါဘူး။ အနိုင် ရတဲ့ အသင်းရဲ့ ရုံးချုပ်ဆီကိုပဲ အပ်နှံလေ့ရှိခဲ့ပါတယ်။ ဒီအစဉ်အလာကို ၂၀၀၄ မှာ ပြောင်းလဲခဲ့ပြီး အဲ့ဒီ့နောက်ပိုင်း စီးရီးအေ ချန်ပီယံတွေဟာ ဆုဖလားနဲ့အတူ ကွင်းပတ်လည် လှည့်လည်အောင်ပွဲခံဖို့ အခွင့်အရေး ရခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဟာ ကမ္ဘာ့အချမ်းသာဆုံးလိဂ် ဖြစ်ပေမယ့်လဲ စီးရီးအေဆုဖလားဟာ ဥရောပမှာ ဈေးအကြီးဆုံး လိဂ်ဖလား ဖြစ်ပါတယ်။ အီတလီသားတွေက ဒီလိုအရာတွေကို ဘယ်လောက် တန်ဖိုးထားတယ်ဆိုတာ နည်းနည်းတော့ သိသွားလောက်ပြီ ထင်ပါတယ်။

(၄) အာဖရိက နေးရှင်းဖလား – ယူရို ၁၂၇,၀၀၀

လီဗာပူးနည်းပြ ယာဂန်ကလော့ပ်ဟာ သိပ်မကြာသေးမီက အာဖရိက နေးရှင်း ဖလားကို ပြိုင်ပွဲသေးသေးလေးလို့ ခေါ်ခဲ့တဲ့ အတွက် အတော်လေး အမုန်းခံ ခဲ့ရဖူးပါတယ်။ ဂျာမန်သားကတော့ ပြိုင်ပွဲကို သေးသိမ်စေတဲ့ သဘောပြောတာ မဟုတ်ပဲ နားလည်မှုလွဲသွားတာဆိုပြီး  ပြန် ဖြေရှင်းခဲ့ပါတယ်။

ကလော့ပ်ပြောတာ မှန်ကောင်းမှန်နိုင်ပေမယ့် ဒီလို မှတ်ချက်တစ်ခုကို ဆန့်ကျင်ကြတဲ အာဖရိကန်တွေကို အထင်မှားလို့ မရပါဘူး။ အာဖရိက နေးရှင်းဖလားဟာ ကမ္ဘာ့တိုက်ကြီးတွေရဲ့ ဂုဏ်သိက္ခာအရှိဆုံး ပြိုင်ပွဲတစ်ခု ဖြစ်ပါတယ်။ ဖလားရဲ့ တကယ့်တန်ဖိုးက အာဖရိကန်နေးရှင်းဖလားရဲ့ အရေးပါပုံကို သက်သေထူနေပါတယ်။ ဒီဆုဖလားကို ပြုလုပ်ရာမှာ ယူရို ၁၂၇,၀၀၀ ကုန်ကျပြီး စီးရီးအေ ဆုဖလားထက် နှစ်ဆကျော် ပိုများပါတယ်။

(၃) ဘလွန်းဒီအောလ် – ယူရို ၅၀၈,၀၀၀

လုပ်ခလစာ၊ စပွန်ဆာစာချုပ်တွေကနေ မက်ဆီရတဲ့ ငွေတွေထက် သူ့ ဖလားပြခန်းထဲက ဘလွန်းဒီအောလ်ဆုတွေနဲ့တင် ယူရို ၃.၅သန်းကျော် ရှိပါတယ်။ မှန်ပါတယ်။ ဘောလုံးလောကရဲ့ ဂုဏ်သိက္ခာအကြီးမားဆုံး တစ်ဦးချင်းဆုတံဆိပ်ဟာ ယူရို မီလျံဝက်ကျော် ကုန်ကျပါတယ်။

ဘလွန်းဒီအောလ် ဆုကို ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ချီးမြှင့်တာဖြစ်ပြီး တစ်နှစ်အတွင်း အကောင်းဆုံးကစားသမားကို ပေးအပ်တာဖြစ်ပါတယ်။ လီယွန်နယ်မက်ဆီဟာ ဒီနှစ်ထဲမှာ ဘလွန်းဒီအောလ်ဆုကို စံချိန်တင် ၇ ကြိမ်မြောက် ရရှိခဲ့ပြီး ထာဝရအကောင်းဆုံး GOAT အဖြစ် နာမည်စိုက်ထူဖို့ ပိုနီးစပ်သွားခဲ့ပါတယ်။

ဒီဆုဟာ လုံးဝကို ကြီးကျယ်ခမ်းနားပြီး ၁၂ ကီလိုဝန်းကျ လေးပါတယ်။ ဒါကို ဘောလုံး တစ်လုံးလိုဖြစ်စေဖို့ ကြေးဝါပြား နှစ်ချပ်နဲ့ ထွင်းထုထားတာပါ။ လုံးဝန်းတဲ့ပုံသဏ္ဍာန်ရဖို့ ဆောက်နဲ့ထွင်းထုပြီးနောက် မဟာဆန်စေဖို့ ရွှေရည် စိမ်ထားတာ ဖြစ်ပါတယ်။

(၂) အက်ဖ်အေဖလား – ယူရို ၁ သန်း

နည်းနည်းတော့ အံ့ဩသွားတယ်မလား။ အင်္ဂလန်ရဲ့ အကြီးမားဆုံး ရှုံးထွက် ဖလားပြိုင်ပွဲဖြစ်တဲ့ အက်ဖ်အေ ဖလားဟာ ကမ္ဘာ့ဘောလုံးလောကရဲ့ ဒုတိယ ဈေးအကြီးဆုံး ဆုဖလားဖြစ်ပါတယ်။ သူက ဒီဇိုင်းနှစ်မျိုး ရှိခဲ့ပြီး တကယ့်ဆုဖလား ၅ လုံး ရှိခဲ့တာပါ။

လက်ရှိသုံးနေတာက စတာလင်ငွေ ၆.၃ ကီလိုကနေ ပြုလုပ်ထားတဲ့ ၂၀၁၄ ဒီဇိုင်းရဲ့ ပုံတူဖြစ်ပါတယ်။ ဒီလို ခမ်းနား ထည်ဝါတဲ့ ဆုဖလားဖြစ်လာဖို့ အင်္ဂလန် ဇိမ်ခံ အမှတ်တံဆိပ်ပိုင်ရှင်ဖြစ်တဲ့ သောမတ်စ်လိုက်က နာရီပေါင်း ၂၃၀ အချိန်ယူခဲ့ရပါတယ်။

အာဆင်နယ်ဟာ အက်ဖ်အေဖလားသမိုင်းမှာ အအောင်မြင်ဆုံးဖြစ်ပြီး ၁၄ ကြိမ် ရခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် ကတော့ ၁၂ ကြိမ်နဲ့ ဒုတိယလိုက်နေတာ ဖြစ်ပါတယ်။

(၁) ဖီဖာ ကမ္ဘာ့ဖလား – ယူရို ၁၇သန်း

ဘောလုံးလောကရဲ့ အကြီးကျယ်ဆုံးဆုဖလားက ဈေးအကြီးဆုံးဖြစ်နေတာက မဆန်းပါဘူး။ ဖီဖာ ကမ္ဘာ့ဖလားဟာ ဘောလုံးလောကမှာ ဈေးအကြီးဆုံးဖြစ်ပြီး ဒါက ပြိုင်ပွဲတစ်ခုတောင် မဟုတ်သေးပါဘူး။ ဆုဖလားရဲ့ တကယ့် တန်ဖိုးနဲ့တင် မယုံနိုင်စရာ ယူရို ၁၇သန်း တန်ပါတယ်။

ဒီဆုဖလားဟာ ၁၈ ကာရက် ရွှေတွေပါဝင်ပြီး ဖလားအာက်ခြေမှာ Malachite ရဲ့ ကြိုးနှစ်ကြိုး ပါဝင် ပါတယ်။ ဒါက ၆.၁ ကီလိုဂရမ် လေးပါတယ်။ ဖလားဟာ ခမ်းနားထည်ဝါပြီး အဓိကကိုယ်ထည်မှာ ကမ္ဘာလုံးကို လက်နဲ့ ကိုင်မြှောက် ထားတဲ့ လူပုံတွေ ပါဝင်ပါတယ်။ ဒါဟာ ဘောလုံးလောကမှာ နာမည်အကြီးဆုံး ဆုဖလားဖြစ်ပြီး ၂၀၂၂ ကာတာမှာ နောက်ထပ်ချန်ပီယံအသစ်ဆီ လွှဲပြောင်းပေးရမှာဖြစ်ပါတယ်။