ရော်နယ်ဒို သွင်းဂိုးမရတာက အရေးမကြီးပါဘူးလို့ ပေါ်တူဂီနည်းပြ ဆန်းတိုစ့် ပြောပြ

ချက်ကို ၄-၀ နဲ့ နိုင်ခဲ့တဲ့ပွဲမှာ ရော်နယ်ဒို ဂိုးမသွင်းနိုင်ပေမယ့် ပေါ်တူဂီနည်းပြ ဖာနန်ဒို ဆန်းတို့စ်က ဘာမှာ စိတ်အနှောင့်အယှက် မဖြစ်ခဲ့ပါဘူး။

ပေါ်တူဂီဟာ နိုင်ငံတကာသီတင်းပတ် ပထမဆုံးပွဲအဖြစ် ချက်အသင်းနဲ့ ယှဉ်ပြိုင် ကစားခဲ့တာဖြစ်ပြီး ၄-၀ နဲ့ အနိုင်ရခဲ့ပါတယ်။ ပေါ်တူဂီအတွက် ဂိုးသွင်းရှင်တွေက ပရီးမီးယားလိဂ် ကစားသမားတွေဖြစ်ပြီး ဒါးလော့ (၂ ဂိုး)၊ ဘရူနို ဖာနန်ဒက်စ်နဲ့ ဂျိုတာတို့ တစ်ဂိုးစီဖြစ်ပါတယ်။

ရော်နယ်ဒိုက ဒီပွဲမှာ သွင်းဂိုးအတွက် ထိထိရောက်ရောက် မလုပ်နိုင်ခဲ့ပါဘူး။ သူဟာ ဂျိုတာရဲ့ဂိုးအတွက် ဖန်တီးပေးခဲ့ပေမယ့် ကိုယ်တိုင် ဂိုးသွင်းနိုင်ခဲ့ခြင်း မရှိတာ ဖြစ်ပါတယ်။ နည်းပြဆန်းတိုစ့်က ဒီအခြေအနေဟာ စိုးရိမ်စရာ မဟုတ်ပါဘူးလို့ ပြောကြားခဲ့တာပါ။

ဆန်းတို့စ်ကတော့ ကိုယ်တိုင်ထက် အသင်းအတွက် ဦးစားပေးခဲ့တဲ့ ၃၇ နှစ် အရွယ် ကစားသမားကို ချီးကျူးခဲ့ပါတယ်။ ရော်နယ်ဒိုသာ အသင်းဖော်တွေအတွက် နေရာလွတ်တွေ မဖန်တီးပေးခဲ့ဘူးဆိုရင် ပေါ်တူဂီက ဂိုးတွေသွင်းနိုင်ခဲ့မှာ မဟုတ်ဘူးလို့ နည်းပြက ယုံကြည်နေတာပါ။

“ ဘောလုံးအားကစားက အဲ့လိုပါပဲ။ ခရစ္စတီယာနိုက ဂိုးသွင်းဖို့ အခွင့်အရေး သုံးလေးကြိမ် ရခဲ့ပါတယ်။ တခါတလေ သူ ဆိုးဆိုးရွားရွား ကန်မိတယ်။ တခါတလေ သူကန်တာ ကောင်းပေမယ့် မဂိုးခဲ့ဘူး။ အဲ့ဒါမျိုးတွေ ဖြစ်တတ်ပါတယ်။

သူက အသင်းအတွက် အများကြီး အလုပ်လုပ်ပေးခဲ့တာပါ။ သူသာ နေရာလွတ်တွေ မဖွင့်ပေးခဲ့ဘူးဆိုရင် ဂိုးတွေ ရလာမှာ မဟုတ်ပါဘူး။

ကျွန်တော်တို့အားလုံး ခရစ္စတီယာနို ရော်နယ်ဒိုဆီက ဂိုးတွေကို မျှော်လင့်ကြတာ မှန်ပါတယ်။ ဒါပေမယ့် ပေါ်တူဂီအသင်းဆီက ဂိုးတွေကိုလည်း မျှော်လင့်တယ်။ သူလည်း အဲ့လိုပါပဲ။ ကျွန်တော်တို့ အနိုင်ရခဲ့တာကြောင့် သူပျော်နေပါတယ်”လို့ ဆန်းတို့စ်က ပြောဆိုပါတယ်။

ပေါ်တူဂီဟာ အင်္ဂါနေ့မှာ စပိန်နဲ့ အုပ်စုနောက်ဆုံးပွဲကို ဆက်လက် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။