နေးရှင်းလိဂ်ကနေ တန်းဆင်းရတဲ့ အင်္ဂလန်က လမ်းကြောင်းမှန်ထံ သွားနေကြောင်း ဆောက်ဂိတ် ရှင်းပြ

အင်္ဂလန်အသင်းဟာ ဆန်စီယိုမှာ အီတလီအသင်းကို ၁-၀ ဖြင့် အရေးနိမ့်ခဲ့တာကြောင့် ၎င်းတို့ ပါဝင် ယှဉ်ပြိုင်နေတဲ့ လက်ရှိ နေးရှင်းလိဂ် အုပ်စုအဆင့်ကနေ တန်းဆင်းခဲ့ရပြီဖြစ်ပါတယ်။

စိတ်ပူစရာက ကမ္ဘာဖလားမတိုင်ခင် နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ ၅ ပွဲမှာ အင်္ဂလန်ဟာ နိုင်ပွဲ တစ်ပွဲမှ မရှိထားပါဘူး။ လူစာရင်း ရွေးချယ်မှုကတည်းက ဝေဖန်မှုတွေ များနေခြင်းနဲ့အတူ အင်္ဂလန်ရဲ့ အနေအထားကို စိတ်ပျက်နေတဲ့ ပရိသတ်တွေက ပွဲချိန်တွင်းမှာ ကိုယ်အသင်းကို boo လုပ် လှောင်ပြောင်ခဲ့ပါတယ်။

‘ ကျနော်တို့ ဘာလို့ ဂိုးမသွင်းနိုင်လဲဆိုတာကို ပြောပြဖို့ ခက်ခဲပါတယ်။ အသင်းက မှန်ကန်တဲ့ နေရာတွေမှာ ရှိနေခဲ့ပါတယ်။ ဘောလုံး ကောင်းကောင်းပေးနိုင်တဲ့ နေရာတွေမှာ အခိုက်အတန့်ကောင်းတွေ ခဲ့ပေမယ့် ဒီညမှာတော့ နောက်ဆုံး ပေးချက်တွေကို မလုပ်နိုင်ခဲ့ပါဘူး။

ပွဲအပြီး တုန့်ပြန်မှုတွေနဲ့ ပတ်သက်လို့ ကျနော် နားလည်ပါတယ်။ ဒီပြိုင်ပွဲမှာ ဒီလိုရလဒ်ထွက်ရင် ရမယ့် တုန့်ပြန်မှုပါပဲ။ ဒီခံစားချက်တွေက လက်ခံလို့ရပါတယ် ’ လို့ ပွဲအပြီးမှာ ဆောက်ဂိတ်က ထုတ်ပြောခဲ့တယ်။

အီတလီဘက်က ပွဲချိန် ၆၈ မိနစ်မှာ သွင်းဂိုးရသွားခဲ့ပေမယ့် အင်္ဂလန်ကတော့ ထိရောက်တဲ့ ခြိမ်းခြောက်မှုကြီးတွေ မလုပ်နိုင်ခဲ့ပါဘူး။ အခုဆိုရင် အင်္ဂလန်ဟာ ၂၀၀၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ၃ ပွဲဆက် ဂိုးမရခြင်းဖြစ်လာခဲ့ပါတယ်။

အင်္ဂလန်က အစွယ်မရှိတဲ့ သွားလိုအသင်း ဖြစ်ခဲ့ပေမယ့် ဆောက်ဂိတ်ကတော့ သူ့အသင်း ကစားပုံကို အကောင်းမြင်နေပြီး လမ်းကြောင်းမှန်ပေါ်မှာ ရှိနေတယ်လို့ တင်စားခဲ့တယ်။

‘ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ ဝေဖန်ဖို့ရာ ခက်ခဲပါတယ်။ ကျနော်တို့ ဘောလုံး ပိုင်ဆိုင်မှု သာပါတယ်၊ ဂိုးကန်သွင်းခွင့်၊ ဂိုးပေါက်ကန်ခွင့်တွေလည်း သာပါတယ်။

ပွဲချိန် အတော်များများမှာ ကစားပုံက ကောင်းခဲ့ပါတယ်။ ခံစစ်နဲ့ ပတ်သက်လို့ အဓိကကျတဲ့ အခိုက်အတန့်တွေကို မကိုင်တွယ်နိုင်ခဲ့ဘူး။ အီတလီရဲ့ အဆုံးသတ်ပိုင်း ဧရိယာတွေမှာ လုပ်ရမယ့် အရေးကြီး အခိုက်အတန့်တွေမှာလည်း အသင်းရဲ့ အရည်အချင်းက မမှန်ကန်ခဲ့ပါဘူး။

ဒါပေမယ့်လို့ ဒီည အသင်းအနေနဲ့ ကျနော်တို့က အကောင်းမြင်စရာ ကိစ္စတွေ အများကြီး ပြခဲ့တယ်လို့ ထင်ပါတယ်။ တစ်ဦးချင်း စွမ်းဆောင်ရည်ကောင်းတွေပေါ့။ ပုဂ္ဂိုလ်ရေးအရတော့ အသင်းရဲ့ စွမ်းဆောင်ရည်က လမ်းကြောင်းမှန်ပေါ်မှာ ရှိနေဆဲဖြစ်ပါတယ်။ ရလဒ်မကောင်းလို့ ကျနော်တို့ကို ဝေဖန်ကြတဲ့အပေါ် နားလည်ပါတယ် ’ လို့ ပြောဆိုသွားခဲ့ပါတယ်။