ဥရောပ ပြိုင်ပွဲကြီးကနေ ဖယ်ထုတ်ခံရမယ့် ပရီးမီးယားလိဂ် ထိပ်သီး ၄ သင်းရဲ့ အိမ်ကွင်းများ

အင်္ဂလန်နဲ့ အိုင်ယာလန်တို့ဟာ ၂၀၂၈ ခုနှစ် ယူရိုပြိုင်ပွဲကို အိမ်ရှင်အဖြစ် ဧည့်ခံ ကျင်းပဖို့ ပြင်ဆင်နေတာနဲ့အတူ ပြိုင်ပွဲ ကျင်းပနိုင်ရင် အသုံးပြုမယ့် အိမ်ကွင်းတွေကို စတင် လေ့လာနေပြီဖြစ်ပါတယ်။

လက်တလောမှာ တူရကီဘက်ကလည်း ကြိုးစားနေတာကြောင့် အင်္ဂလန်တို့ ၂၀၂၈ ခုနှစ် ပြိုင်ပွဲကို အိမ်ရှင်အဖြစ်ရမယ်လို့ အာမခံချက် မရှိသေးပါဘူး။ ဒါပေမယ့် တူရကီက ၂၀၃၂ ခုနှစ်ကို နောက်ဆုတ်ဖွယ်ရှိပြီး အင်္ဂလန်နဲ့ အိုင်ယာလန်တို့က ၂၀၂၈ ခုနှစ် ယူရိုကို တာဝန်ယူဖို့ အခွင့်အရေး များနေဆဲပါ။

ပြိုင်ပွဲ ကျင်းပဖို့ ၆ နှစ်တောင် လိုသေးတာမို့ ဝေလ်း၊ စကော်တလန်၊ မြောက်အိုင်ယာလန်၊ အိုင်ယာလန်၊ အင်္ဂလန်တွေက များစွာသော ဘောလုံးကွင်းတွေဟာ ယူရိုပြိုင်ပွဲအတွက် ပွဲကွင်းတွေအဖြစ် ရွေးချယ်ခံရမယ်လို့ အခွင့်အရေး ရှိနေခဲ့တယ်။

ဒါပေမယ့်လို့ ပွဲတွေကို အဓိက ကျင်းပမယ့် အင်္ဂလန်မှာ ပရီးမီးယားလိဂ် ထိပ်သီးတွေရဲ့ ကွင်းအတော်များများက ပမာဏ အဆင့်မှာတင် ဖယ်ရှားခံထားရပါတယ်။

The Times သတင်းက ဖော်ပြရာမှာ အင်္ဂလန်အတွင်းက နာမည်ကြီး ကွင်းတွေဖြစ်တဲ့ အန်ဖီး၊ စတမ်းဖိုဒ့်ဘရစ်ချ်၊ အမ်းမရိတ်ကွင်းတွေကို ယူရို ၂၀၂၈ ပြိုင်ပွဲ လက်ခံကျင်းပမယ့် ဘောလုံးကွင်းတွေအဖြစ် အသုံးပြုမှာ မဟုတ်ပါဘူး။

လီဗာပူးနဲ့ ချယ်ဆီးကွင်းတွေရဲ့ ကွင်းမျက်နှာပြင် အတိုင်းအတာဟာ ယူရိုပြိုင်ပွဲနဲ့ ပတ်သက်ပြီး ယူအီးအက်ဖ်အေရဲ့ တိုင်းတာမှု စံချိန်တွေထက် တိုနေတာကြောင့် ဖယ်ထုတ်ခံရခြင်းဖြစ်ပါတယ်။ အမ်းမရိတ်ကွင်းကတော့ လန်ဒန်ပြိုင်ဘက် စပါးကွင်းကို ရွေးချယ်ခြင်းကြောင့် ပယ်ချခံထားရတာဖြစ်ပါတယ်။

လိဒ်ယူနိုက်တက်ရဲ့ အိမ်ကွင်းကလည်း ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ ထောက်ပံ့မှု အားနည်းခြင်းကြောင့် ဖယ်ရှားခံထားရပါတယ်။

အင်္ဂလန်ရဲ့ အကြီးဆုံးဆိုတဲ့ ကလပ်တွေရဲ့ အိမ်ကွင်းတွေ ဖယ်ရှားခံနေရပေပမယ့် လိဂ်ဝမ်းကလပ် MK Dons အသင်းရဲ့ အိမ်ကွင်းကတော့ ယူရိုပြိုင်ပွဲကို လက်ခံကျင်းပနိုင်တဲ့ ဘောလုံးကွင်း ၁၀ ကွင်းစာရင်းထဲ ပါဝင်နေတယ်လို့ သိတယ်။

ပမာဏ ရွေးချယ်မှုမှာ ပါတဲ့ ဘောလုံးကွင်း ၁၀ ကွင်းက ဝင်ဘာလေကွင်း၊ စပါးကွင်း၊ ဝက်ဟမ်းရဲ့ လန်ဒန်ကွင်း၊ ဗီလာတို့ရဲ့ ဗီလာပက်ခ်၊ ယူနိုက်တက်ရဲ့ အိုးထရတ်ဖိုဒ့်၊ မန်စီးတီးရဲ့ အီးသီဟဒ်၊ အဲဗာတန်ရဲ့ ဘလန်လေမော ကွင်းသစ်၊ ဆန်းဒါးလန်းရဲ့ အလင်းရောင်ကွင်း၊ နယူးကာဆယ်ရဲ့ စိန့်ဂျိမ်းပက်ခ်နဲ့ အမ်ကေ ဒွန့်အသင်းရဲ့ အမ်ကေကွင်းတို့ ဖြစ်ပါတယ်။

အဆိုပါ ကွင်း ၁၀ ကွင်းထဲကနေ ယူအီးအက်ဖ်အေက ၆ ကွင်း ဒါမှမဟုတ် ၇ ကွင်းကိုပဲ ရွေးချယ်မှာဖြစ်ကာ ဝက်ဟမ်းကွင်း၊ မန်စီးတီးကွင်းနဲ့ အမ်ကေဒွန့်အသင်းတို့က ပယ်ချခံရဖို့ အလားအလာ ရှိနေပါသေးတယ်။

ဒါကြောင့် အင်္ဂလန်ရဲ့ အကောင်းဆုံး ကွင်းတွေထဲက အိုးထရတ်ဖိုဒ့်နဲ့ စပါးကွင်းတို့ပဲ ယူရို ၂၀၂၈ ပြိုင်ပွဲကို လက်ခံကျင်းပဖို့ သတ်မှတ်ချက် ပြည့်မှီမှာဖြစ်ပါတယ်။

အင်္ဂလန်ပြင်ပမှာတော့ အိုင်ယာလန်ရဲ့ ကွင်း ၂ ကွင်းကို ရွေးချယ်သွားမှာဖြစ်ကာ စကော်တလန်၊ ဝေလ်းနဲ့ မြောက်အိုင်ယာလန်တို့က ကွင်း ၁ ကွင်းစီ ရွေးချယ်သွားဖို့ ရှိနေပါတယ်။