ဘာစီလိုနာက အရင်လို မဟုတ်တော့ကြောင်းနဲ့ ဘိုင်ယန်ကို အနိုင်ယူနိုင်တယ်လို့ သတိပေးလိုက်တဲ့ ဇာဗီ

ဒီကနေ့ည ယှဉ်ပြိုင်ကစားရမယ့် ဘိုင်ယန်မြူးနစ်နဲ့ပွဲမှာ ဘာစီလိုနာရဲ့ ပြိုင်ဆိုင်နိုင်စွမ်းကို ပြသပြီး သမိုင်းသစ်ရေးမယ်လို့ နည်းပြဇာဗီက ကြွေးကြော်လာပါတယ်။

ဥရောပရဲ့ အင်အားကြီး ကလပ်နှစ်သင်းဟာ အုပ်စု C ရဲ့ ပြိုင်ဘက်တွေအဖြစ် ထိပ်တိုက်တွေ့နေကြတာပါ။ ဒီနှစ်တွေအတွင်း ဒီနှစ်သင်း ထိပ်တိုက်တွေ့မှု ၄ ကြိမ်မှာ ဘိုင်ယန်မြူးနစ်ကပဲ အနိုင်ရနေခဲ့တာဖြစ်တယ်။ ၂၀၂၀ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်မှာဆိုရင် ဘာစီလိုနာက ၈-၂ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပါသေးတယ်။

ဘိုင်ယန်မြူးနစ်ကွင်းမှာ ရုန်းကန်ရမှုတွေ ရှိခဲ့ပေမယ့် ဘာစီလိုနာက ဒီတစ်ကြိမ်မှာတော့ ယှဉ်ပြိုင်နိုင်စွမ်း ရှိလာပါပြီလို့ ဇာဗီက ယုံကြည်နေတာပါ။

ဘာစီလိုနာနည်းပြက ” ကျနော်တို့ အပေါ်မှာ အတော်လေး မျှော်လင့်နေကြမှာပါ။ ဒီပွဲရလဒ်က ဘာကိုမှတော့ ပြောင်းလဲစေမှာ မဟုတ်ပါဘူး။ ဒီပွဲရလဒ်ကြောင့်နဲ့ ကောက်ချက်ချလို့ မရပါဘူး။

၉ လ ကြာသွားပြီးနောက် အရာရာက ခြားနားသွားပါပြီ။ ကိစ္စတိုင်းမှာ ကျနော်တို့တွေ တိုးတက်လာတယ်။ ကျနော်တို့ ပြိုင်ဆိုင်နိုင်စွမ်း ရှိလာတာကို မြင်ရတယ်။ ကျနော်တို့ စိတ်လှုပ်ရှားနေပြီး ဒီပွဲကို အနိုင်ယူနိုင်ပါတယ်၊ သမိုင်းကို ပြောင်းလဲလိုက်နိုင်ပါတယ်။

ဘောလုံးလောကရဲ့ အကောင်းဆုံး အသင်းတွေထဲက တစ်သင်းကို ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။ သူတို့မှာ နည်းပြကောင်းရှိထားတယ်။ ကျနော်တို့အသင်း ဘယ်လို အဆင့်မှာ ရှိလဲဆိုတာ ပြသချင်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဘာစီလိုနာဟာ အဝေးကွင်းမှာ ဘိုင်ယန်မြူးနစ်ကို လုံးဝ မနိုင်ဖူးသေးပါဘူး။ ဒီစိတ်ခေါ်မှုကို ရပ်တန့်ဖို့အတွက် ဇာဗီက အတော်လေး ရင်ခုန်နေဟန် ရှိပါတယ်။

” ဘိုင်ယန်မြူးနစ်က ခြောက်ခြားစရာ နေရာလို့ မပြောပါဘူး။ နှစ်သင်းလုံးက နိုင်ဖို့ အခွင့်အရေးရှိပါတယ်။ ဒီကွင်းမှာ ကျနော်တို့ မနိုင်ဖူးတာက ဘယ်လောက်တောင် ခက်ခဲမယ်ဆိုတာ ပြောနေမှာပါ။ ကျနော်ကတော့ ဒီပွဲကို အရမ်း စောင့်မျှော်နေမိပါပြီ ” လို့ ဇာဗီက ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ဒီနွေမှာ ခေါ်ယူမှုတွေ အများကြီး လုပ်ထားတဲ့ ဘာစီလိုနာဟာ ဘိုင်ယန်မြူးနစ်ကနေ လီဝန်ဒေါစကီးကိုပါ ခေါ်ယူထားတာဖြစ်ပြီး ပိုလန်သား တိုက်စစ်မှူးဟာ ဒီညမှာတော့ အသင်းဟောင်းကို ပြန်လည် ရင်ဆိုင်သွားရမှာပဲ ဖြစ်ပါတယ်။