စပါးနိုင်မယ်၊ လီဗာပူး မနိုင်ဘူးဆိုတဲ့ ဒီည ချန်ပီယံလိဂ်ပွဲအတွက် ဆက်တန်ရဲ့ ပွဲကြို ရလဒ် ခန့်မှန်းချက်များလ

ချန်ပီယံလိဂ် ပြိုင်ပွဲ အုပ်စုအဆင့် ပွဲစဉ်တွေ ယှဉ်ပြိုင် ကစားမယ့် ဒုတိယသီတင်းပတ်ကတော့ ရောက်ရှိလို့ လာပါပြီ။ ဒီနေ့ အင်္ဂါနေ့ညမှာ အင်္ဂလန် ကလပ်တွေထဲက လီဗာပူးက အေဂျက် ကို ဧည့်ခံ ကစားရမှာ ဖြစ်ပြီး တော့တင်ဟမ် စပါးကတော့ စပို့တင်းလစ္စဘွန်းကို အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာပါ။

ဘောလုံးပွဲတွေ ပုံမှန် သုံးသပ်နေတဲ့ ကလောင်ရှင် ခရစ်ဆက်တန်က ဒီည ချန်ပီယံလိဂ် ပွဲတွေ အတွက် ဒေးလီးမေးလ် သတင်းဌာနကနေ အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

Liverpool v Ajax

လီဗာပူးကတော့ ပြီးခဲ့တဲ့ရာသီ သူတို့ လုပ်ဆောင် စွမ်းဆောင်ခဲ့တာတွေနဲ့ နှိုင်းယှဉ်မယ် ဆိုရင် ဒီရာသီ သူတို့ ပုံစံက ခြေချော်နေတာပဲ လို့ ကျနော် ဆက်တိုက် တွေးမိနေတယ်။

ဒါပေမယ့် နာပိုလီကို ၄-၁ နဲ့ ရှုံးတဲ့ ပွဲမှာတော့ လီဗာပူး ခံစစ်သမားတွေက အီတလီကို အားလပ်ရက် အလည်ထွက်လာတဲ့ တိုးရစ်တွေလို ဖြစ်နေတယ်။ အမှန်တော့ အဲဒီထက်တောင် ဆိုးတာပါ။ တခုခုကတော့ လီဗာပူးမှာ လွဲချော်နေတယ်။

လီဗာပူး ကစားသမားတွေကတော့ သူတို့ အိမ်ကွင်းမှာ အားပေးမှု အပြည့်အဝ ရနေချိန်ဆို လုံးဝ အင်ပြည့်အားပြည့် ခြေတက်သွားပါတယ်။ ဒီပွဲမှာလည်း အားပေးသံတွေကို သူတို့ ဘယ်လို တုန့်ပြန်မလဲ ကြည့်ရတော့မှာပါ။ အေဂျက်ကလည်း ပြန်ယှဉ်ဖိုက်မှာပဲ။

အေဂျက်က ပြီးခဲ့တဲ့ အပတ်က ရိမ်းဂျားစ်ကို ၄-ဝ နဲ့ အကြောက်အရွံ့မရှိ အနိုင်ယူပြထားတယ်။ လီဗာပူး အနေနဲ့ ဒီရာသီ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ဖို့ ဆို အချိန်ထပ်ဖြုန်းနေလို့ မရတော့ဘူး။ ဒါပေမယ့် အေဂျက်က အန်းဖီးမှာ အမှတ်ရအောင် ခွဲယူသွားမှာ စိုးရိမ်မိတယ်။

ဆက်တန် ခန့်မှန်းရလဒ်။ ။ လီဗာပူး ၂-၂ အေဂျက်

Sporting Lisbon vs Tottenham

အန်တိုနီယို ကွန်တီကတော့ ချန်ပီယံလိဂ် အကောင်းဆုံး မှတ်တမ်းတွေကို သိပ် ထုတ်ကြွားလေ့ မရှိပါဘူး။ ဂျူဗင်တပ်၊ ချယ်ဆီး ဒါမှမဟုတ် အင်တာမီလန်တို့နဲ့ အတူ ရှိစဉ်ချိန်တွေ့ပါ။

ပြီးခဲ့တဲ့ အပတ် ချန်ပီယံလိဂ် အုပ်စုအဖွင့် ပွဲ မတိုင်ခင်က ကွန်တီ စောစောစီးစီး ဘာတွေများ ဆင်ခြေတွေ ပေးဦးမလဲ တွေးကောင်း တွေးခဲ့လိမ့်မယ်။ ဒါပေမယ့် စပါးအသင်းကတော့ မာဆေးနဲ့ အတွေ့မှာ ခြေစွမ်းပြ အနိုင်ယူသွားခဲ့တယ်။

ရစ်ချာလီဆန်က စိတ်လှုပ်ရှားမှု အပြည့်နဲ့ ခြေစွမ်းပြ ၂ ဂိုး သွင်းသွားတယ်။ သူ့ကို ဘာဖြစ်လို့ ပေါင် သန်း ၆ဝ ပေးပြီး ခေါ်ယူခဲ့ရသလဲ ဆိုတာ သက်သေတွေ ဆက်တိုက် ပြသနေပါတယ်။

စပို့တင်းက ဒီပွဲ အိမ်ကွင်း လစ္စဘွန်းမှာ ကစားရမှာပါ။ ဒီတော့ သူတို့ တော့တင်ဟမ်ကို ဖိ ကစားမယ်လို့ ကျနော် မျှော်လင့်ထားတယ်။ ဒါက ကွန်တီရဲ့ ကောင်တာ တိုက်စစ် ကစားပုံနဲ့တော့ ကွက်တိကျမှာပါ။ သူတို့မှာ စပို့တင်းကို နာကျင်အောင် ပစ်လွှတ်နိုင်တဲ့ မြှားတွေ ရှိနေတယ်။ စပါးက အုပ်စုတွင်း ၂ပွဲကစား ၂ပွဲနိုင် လုပ်ပြသွားမှာပါ။

ဆက်တန် ခန့်မှန်းရလဒ်။ ။ စပို့တင်းလစ္စဘွန်း ၁-၂ တော့တင်ဟမ် စပါး