ပီအက်စ်ဂျီ ဘောလုံး အကြံပေးကို အားကစားဒါရိုက်တာအဖြစ် ခန့်အပ်ဖို့ စည်းရုံးနေတဲ့ ချယ်ဆီး

ချယ်ဆီးအသင်းဟာ နည်းပြသစ်အဖြစ် ဂရေဟမ် ပေါ်တာကို ခန့်အပ်ပြီးနောက်မှာ အားကစာဒါရိုက်တာသစ်ကို တာဝန်ပေးနိုင်ရေး ကြိုးစားမှုကို အရှိန်မြင့်နေခဲ့ပါပြီ။

မနှစ်က မိုနာကိုကနေ ထွက်ခဲ့ပြီးနောက် ပီအက်စ်ဂျီအတွက် ဘောလုံး အကြံပေးအဖြစ် အလုပ်လုပ်နေတဲ့ လူးဝစ် ကမ်ပိုစ့်ကို အားကစားဒါရိုက်တာသစ်အဖြစ် ခန့်အပ်နိုင်ဖို့ ချယ်ဆီးဘက်က ကြိုးစားနေပါတယ်။ အသက် ၅၈ နှစ်အရွယ် ပေါ်တူဂီသားဟာ ရီးရဲလ်မက်ဒရစ်၊ လိုင်လီ အသင်းတွေမှာလည်း အလုပ်လုပ်ဖူးသူ ဖြစ်ပါတယ်။

ကမ်းပိုစ့်ဟာ ပီအက်စ်ဂျီအသင်း လီဂူးဝမ်းဖလား နှစ်ကြိမ် လက်လွတ်ရတဲ့ နှစ်တွေမှာ မိုနာကိုနဲ့ လိုင်လီအသင်းတွေအတွက် တောင့်တင်းတဲ့ စာရင်းတွေကို ကင်းထောက် ရှာဖွေပြီး တည်ဆောက်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

သူ့ကို ခေါ်ယူနိုင်ခဲ့ရင် ချယ်ဆီးအသင်းမှာ နည်းပြပေါ်တာနဲ့ ဆွေးနွေးပြီး လူသစ် ခေါ်ယူမှုတွေ ပြုလုပ်ဖွယ်ရှိပါတယ်။ ချယ်ဆီးအသင်းထံ ပေါ်တာ ပြောင်းလာရာမှာ သူနဲ့အတူ အပြောင်းအရွှေ့ဆိုင်ရာ လုပ်ငန်းတွေကို အထူးကူညီပေးခဲ့တဲ့ စပယ်ရှယ်လစ် Kyle Macaulay လည်း ပါဝင်လာခဲ့ပါသေးတယ်။

ချယ်ဆီးပိုင်ရှင်သစ် ဘိုးလီဟာ အသင်းရဲ့ စွမ်းဆောင်ရည်ကိုကော အသင်း တည်ဆောက်ပုံကိုပါ သဘောမကျဖြစ်နေတာကြောင့် တူချယ်ကို ထုတ်ပယ်ကာ ပေါ်တာဖြင့် အစားထိုးခဲ့တာပါ။ အားကစားဒါရိုက်တာ ရွေးချယ်မှု အပိုင်းမှာလည်း နည်းပြသစ်ထံက အကူအညီရဖို့ ဘိုးလီတို့က မျှော်လင့်နေပါတယ်။

လက်ရှိမှာ ဘိုးလီတို့က ကမ်းပိုစ့်နဲ့ စကားပြောမှုပါ ပြုလုပ်ထားပြီလို့ The Times သတင်းက ဖော်ပြခဲ့တာဖြစ်တယ်။ ဇန်နဝါရီ အပြောင်းအရွှေ့မှာ လူသစ်ခေါ်ယူရေးကို ပြုလုပ်ဦးမှာမို့ ကမ္ဘာဖလားပြိုင်ပွဲ မစတင်ခင်မှာ အားကစားဒါရိုက်တာသစ်ကို ခန့်အပ်နိုင်ဖို့ ချယ်ဆီးဘက်က ဆန္ဒရှိနေတာ ဖြစ်ပါတယ်။

ဒီနွေမှာ စတာလင်၊ ဖိုဖန်နာ၊ ကူလီဘာလေတို့လို ကစားသမားတွေ အပါအဝင် လူသစ် ၆ ဦးအတွက် ပေါင် ၂၆၁ သန်း သုံးထားတဲ့ ချယ်ဆီးဟာ ဇန်နဝါရီမှာ ကွင်းလယ်ပိုင်းကို အဓိက အားဖြည့်ဖွယ် ရှိနေပါတယ်။