ချန်ပီယံလိဂ် ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ အသင်းတွေထဲ ရီးရဲလ် မပါတဲ့ အပေါ် သူ့သဘောထား ထုတ်ပြော လိုက်တဲ့ အန်ဆယ်လော့တီ

လက်ရှိ ဥရောပချန်ပီယံ ရီးရဲလ်မက်ဒရစ်ဟာ ဒီရာသီ ချန်ပီယံလိဂ် ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ အသင်းတွေထဲ ပါဝင် မနေဘဲ ဘွန်ကီတွေရဲ့ အလေးပေးမှုမှာလည်း နောက် ရောက်လို့ နေပါတယ်။ နည်းပြ အန်ဆယ်လော့တီ ကတော့ သူ့အသင်း ရေပန်းမစားတဲ့ အပေါ် အံ့သြမနေဘူးလို့ ဆိုလာပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ လီဗာပူးကို အနိုင်ကန်ပြီး သူတို့ရဲ့ ၁၄ ကြိမ်မြောက် ဥရောပ ဖလားကို အပိုင်သိမ်းနိုင်ခဲ့တာပါ။

ဒီရာသီ အတွက် ချန်ပီယံ ရေပန်းစားမှုမှာတော့ ပြီးခဲ့တဲ့ရာသီ ဖလားလွဲခဲ့တဲ့ လီဗာပူး အပြင် မန်ချက်စတာ စီးတီး၊ ပီအက်စ်ဂျီနဲ့ ဘိုင်ယန်မြူးနစ်တို့က ထိပ်ဆုံးမှာ ရှိနေပါတယ်။ အန်ဆယ်လော့တီကတော့ သူ့အသင်း မပါတဲ့ အပေါ် စိတ်ပျက်မနေဘဲ ကောင်းတောင် ကောင်းသေးတယ် လို့ ယူဆထားတာပါ။

ဒီအပတ် ချန်ပီယံလိဂ် အုပ်စုပွဲ ဆဲလ်တစ်နဲ့ မကစားခင် ပွဲကြို ရှင်းလင်းပွဲမှာ သတင်းသမားတွေရဲ့ မေးမြန်းမှု ခံရရာမှာ အန်ဆယ်လော့တီက –

” ဘွန်ကီတွေက ကျနေ်ာတို့ကို ဟိုး အနောက်မှာ ထားတဲ့ အပေါ် အံ့သြမနေပါဘူး။ ဒါက ကောင်းတဲ့ လက္ခဏာလို့တောင် မြင်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း အချက်အလက်တွေ အရ ဆို ကျနော်တို့ ဗိုလ်စွဲဖို့ အခွင့်အရေး မရှိဘူးတောင် ဆိုခဲ့တာ မဟုတ်လား။

ဒီနှစ်မှာ ကျနေ်ာတို့က တိုးတက်လာခဲ့တယ်။ နည်းနည်းပိုပြီးပေါ့။ ဒီတော့ မနှစ်ကလိုပဲ ဖြစ်လာနိုင်တယ် လို့ ကျနော်ထင်တယ်။ ဒီပြိုင်ပွဲ နောက်ဆုံး အဆင့်ထိ ရောက်အောင် ဗိုလ်လုပွဲထိ ရောက်အောင် ကျနေ်ာတို့ ယှဉ်ပြိုင် ကျော်ဖြတ် သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ” လို့ သူ့သဘောထားကို တုန့်ပြန် ပြောဆိုခဲ့ပါတယ်။

ချန်ပီယံလိဂ်နဲ့ ပတ်သတ်လာရင် ရီးရဲလ်မက်ဒရစ် ကို ဘယ်တော့မှ လျှော့တွက်လို့မရ၊ ချန်ထားလို့ မရဘူး ဆိုတာ ပြီးခဲ့တဲ့ ရာသီက သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။ ၎င်းတို့ဟာ ပီအက်စ်ဂျီ၊ ချယ်ဆီးနဲ့ မနချက်စတာစီးတီးတို့ကို အံ့ဖွယ် ကျော်ဖြတ်ပြီး ဗိုလ်လုပွဲထိ အရောက်သွားခဲ့ကြတာပါ။

ဒီရာသီ ချန်ပီယံလိဂ် အဖွင့်ပွဲ အဖြစ် ဒီကြားရက်မှာ ရီးရဲလ်မက်ဒရစ်က ဆဲလ်တစ်နဲ့ စတင် ယှဉ်ပြိုင်တော့မှာ ဖြစ်ပြီး ပြိုင်ပွဲ နောက်ဆုံး အဆင့်ထိ အရောက်သွားဖို့ အားခဲထားပြီ ဖြစ်ပါတယ်။