ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အသင်းဟောင်းတွေကို ပြန်ရင်ဆိုင်ရတော့မယ့် ကစားသမား (၆) ဦး

ချန်ပီယံလိဂ် အုပ်စုအဆင့် မဲခွဲပွဲ ပြီးမြောက်ခဲ့ပြီဖြစ်ပြီး ပြိုင်ပွဲဝင် အသင်းတွေဟာ သူတို့ ရင်ဆိုင်ရမယ့် ပြိုင်ဘက်တွေကို သိပြီးကြပါပြိ။

အုပ်စုအဆင့်မှာတင်ပဲ ကစားသမားတချို့ဟာ သူတို့ အသင်းဟောင်းတွေနဲ့ ပြန်ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ အသင်းဟောင်း ပရိသတ်ဟောင်းတွေကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရမှာနဲ့အတူ စိတ်ဝင်စားခြင်း ခံရမယ့် အုပ်စုတွင်း ပွဲကောင်းတွေအကြောင်းကို ပြောပြသွားပါမယ်။

ဟာလန်း

ဟာလန်းဟာ ဒီနွေရာသီမှာ ဒေါ့မွန်ကနေ မန်စီးတီးထံ ပေါင် ၅၁ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီးတော့ ဒီရာသီ ချန်ပီယံလိဂ်မှာ အသင်းဟောင်းနဲ့ ပြန်တွေ့ရမှာပါ။ ပက်ဂွာဒီယိုလာရဲ့ အသင်းဟာ ဆီဗီလာ၊ ဒေါ့မွန်၊ ကိုပင်ဟေဂင်တို့နဲ့ တအုပ်စုထဲဖြစ်ပြီး နောက်တဆင့်တက်ဖို့ အခွင့်အရေးကောင်း ရှိနေပါတယ်။

စီးတီးအတွက် လိဂ် ၃ ပွဲမှာ ၃ ဂိုးသွင်းယူခဲ့တဲ့ ဟာလန်းဟာ ဒေါ့မွန်နဲ့ ပြန်တွေ့ရင် အသင်းဟောင်းကို အသည်းခွဲဖို့ မျှော်လင့်နေပါလိမ့်မယ်။ စီးတီးအမှုဆောင်ချုပ် ဆိုရီယာနိုကတော့ အဲ့ဒီ့ပွဲဟာ ဟာလန်းနဲ့အတူ ဒေါ့မွန်ကစားသမားဟောင်း တစ်ယောက်ဖြစ်တဲ့ ဂန်ဒိုဂမ်တို့အတွက် ထူးခြားတဲ့ပွဲ ဖြစ်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

Ángel Di María

ပီအက်စ်ဂျီအသင်းအတွက် ပွဲပေါင်း ၃၀၀ နီးပါး ကစားခဲ့တဲ့ ဒီမာရီယာဟာ ဒီနွေမှာ ဂျူဗင်တပ်ထံ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ကာ အသင်းဟောင်းကို ပြန်လည် ရင်ဆိုင်ရတော့မှာပါ။ အာဂျင်တိုင်းသားဟာ ဒီရာသီမှာ ဂျူဗင်တပ်အတွက် စီးရီးအေပွဲ ၁ ပွဲကစားပြီး သွင်းဂိုး ၁ ဂိုး ရယူပေးထားပါပြီ။

အကောင်းဆုံး အသက်အရွယ်ကို ကျော်လွန်ခဲ့ပြီဖြစ်သလို ပြင်သစ်ချန်ပီယံတွေအတွက် အစွမ်းကုန် ပေးဆပ်ခဲ့တဲ့ ဒီမာရီယာကို ပဲရစ်ပရိသတ်တွေက ကောင်းမွန်စွာ ကြိုဆိုကြဖွယ် ရှိနေတယ်။ နှစ်သင်းလုံးကတော့ ရှုံးထွက်ကို တက်နိုင်မယ် ရေပန်းစားပါတယ်။

ရိုင်ယန်ကန့်

၂၀၁၉ မှာ ရိန်းဂျားအတွက် လီဗာပူးကို စွန့်ခွာခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အန်ဖီးကို ပြန်လာတဲ့အခါ ရိုင်ယန်ကန့်အတွက် ထူးခြားနေမှာပါ။ သူဟာ လီဗာပူး အကယ်ဒမီထွက်ဖြစ်ပေမယ့် အသင်းကြီးမှာ ကစားခွင့် မရခဲ့တဲ့နောက် အိုင်းဘရော့စ်ကို ပြောင်းသွားခဲ့တာပါ။

ရိန်းဂျားမှာ အဓိက ကစားသမားဖြစ်ခဲ့တဲ့ ကန့်ဟာ ၂၀၂၀-၂၁ ရာသီမှာ ကလပ်အတွက် ၁၀ နှစ်အတွင်း ပထမဆုံး စကော့တစ်ဖလားကို အောင်မြင်စေခဲ့ပါတယ်။ ဒီပွဲမှာ ဘန်ဒေးဗီးဟာလည်း သူ့ရဲ့ အသင်းဟောင်းနဲ့ ပြန်လည်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

လီဝန်ဒေါစကီး

မကြာသေးမီကမှ ဘာစီလိုနာထံ ပြောင်းရွှေ့လာခဲ့သူဟာ ဘိုင်ယန်မြူးနစ်နဲ့ ပြန်တွေ့ရဖို့ မျှော်လင့်ခဲ့မယ် မထင်ပါဘူး။ ဒါပေမယ့် ဘာကာဟာ ဘိုင်ယန်၊ အင်တာ၊ ဗစ်တိုရီးယား ပယ်ဇန်တို့နဲ့ တအုပ်စုထဲ ကျရောက်ခဲ့ပြီး သေမင်းအုပ်စုအဖြစ် သတ်မှတ်ခံခဲ့ရတာပါ။

လီဝန်ဒေါစကီးဟာ အသင်းပြောင်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဘိုင်ယန်ကို ရင်ဆိုင်ရမှာဖြစ်ပြီး အသင်းဟောင်းကို ဂိုးသွင်းဖို့ စိတ်အားထက်သန်နေပါလိမ့်မယ်။ သူဟာ ဘိုင်ယန်မှာ ၈နှစ်အတွင်း ဂိုး ၃၀၀ ကျော် သွင်းခဲ့ပြီးနောက် ဘာကာမှာ လာလီဂါ ၂ ပွဲကစား၊ ၂ ဂိုးသွင်းယူခဲ့ပြီး ဖြစ်ပါတယ်။

ဖီကာယို တိုမိုရီ

တိုမိုရီကို အေစီမီလန်ထံ ရောင်းချခဲ့တဲ့အပေါ် ချယ်ဆီးပရိသတ်တချို့ မကျေမနပ် ဖြစ်နေဆဲပါ။ အခု ချယ်ဆီးဟာ ချန်ပီယံလိဂ်မှာ မီလန်နဲ့တွေ့အတဲ့အခါ တိုမိုရီ ဘယ်လောက် ကောင်းလာလဲဆိုတာ မြင်နိုင်ပါလိမ့မယ်။ သူတို့ဟာ ရက်ဘူးဆဲဘက်၊ ဒိုင်နမို ဇာဂရပ်တို့နဲ့လဲ တအုပ်စုထဲ ဖြစ်ပါတယ်။

တိုမိုရီကတော့ သူ့ကို ရောင်းချခဲ့တဲ့အတွက် ချယ်ဆီးတို့ မှားသွားတယ်ဆိုတာ သက်သေပြချင်မှာဖြစ်ပြီး မနှစ်က နွေရာသီမှာ ချယ်ဆီးကနေ ထွက်ခွာသွားခဲ့တဲ့ အိုလီဗီယာ ဂျီရူးဟာလည်း အသင်းဟောင်းနဲ့ ပြန်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ရီနာတို ဆန်းချက်စ်

ဘိုင်ယန်မှာ ရုန်းကန်ခဲ့ရပြီးနောက် ဆန်းချက်စ်ဟာ ပြင်သစ်မှာ သူ့ကစားသမားဘဝကို ပြန်အသက်သွင်းခဲ့ပါတယ်။ သူဟာ မကြာသေးမီကပဲ လိုင်လီကနေ ပီအက်စ်ဂျီထံ ပြောင်းရွှေ့ခဲ့ပြီး လိဂ် ၂ ပွဲမှာ ပါဝင်ကစားခွင့်ရခဲ့တာပါ။ သူဟာ အခု ချန်ပီယံလိဂ်မှာအသင်းဟောင်း ဘင်ဖီကာနဲ့ ပြန်လည်ရင်ဆိုင်ရမှာပါ။

ဘင်ဖီကာဟာ သူကစားသမားဘဝ စတင်ခဲ့တဲ့နေရာဖြစ်ပါတယ်။ ယူရို ၂၀၁၆ မှာ ပေါ်တူဂီနဲ့အတူ တောက်ပခဲ့တဲ့ ဆန်းချက်စ်ဟာ ဘင်ဖီကာမှာ ၃၅ ပွဲသာ ကစားပြီးနောက် ဘိုင်ယန်ကို ယူရို ၃၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။