ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့်အတွက် မဲခွဲမှု၊ အချိန်၊ အသင်းတွေနဲ့ မဲအိုးများ

စိတ်လှုပ်ရှားစရာ အပြည့်နဲ့ နွေရာသီဈေးကွက်အပြင် ၂၀၂၂-၂၃ ဘောလုံးရာသီ ဖွင့်လှစ်မှု အပြီး အခုကတော့ ဥရောပ ချန်ပီယံလိဂ်ကို အာရုံပြောင်းဖို့ အချိန် ဖြစ်လာပါပြီ။

ဥရောပအကြီးမားဆုံး ကလပ်တွေဟာ ထိပ်တန်းဆုဖလားအတွက် ပြိုင်ဆိုင်ကြမှာဖြစ်ပြီး လာမယ့် စက်တင်ဘာ ၆ ရက်မှာ အုပ်စုအဆင့်ကနေ စတင် ယှဉ်ပြိုင်ကြတော့မှာ ဖြစ်ပါတယ်။

လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်နဲ့ တခြားသော ချယ်ဆီး၊ ဘာစီလိုနာ၊ ဂျူဗင်တပ်၊ ပီအက်စ်ဂျီနဲ့ လီဗာပူးတို့လို ဥရောပအသင်းကြီးတွေဟာ အုပ်စုအဆင့် မဲခွဲပွဲကို စောင့်ကြည့်နေကြမှာဖြစ်ပြီး လွယ်ကူတဲ့ ခရီးအစကို ရရှိဖို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။

၂၀၂၂-၂၃ ဘောလုံးရာသီ ချန်ပီယံလိဂ် အုပ်စုအဆင့် မဲခွဲပွဲကို ဩဂုတ်လ ၂၅ ရက်၊ ကြာသပတေးနေ့ တူရကီ၊ အစ္စတန်ဘူလ်မြို့က ဟာလစ် ကွန်ဂရက်စင်တာမှာ ကျင်းပသွားမှာပါ။ မြန်မာစံတော်ချိန်အားဖြင့် ည ၁၀ ခွဲမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

မဲခွဲမှု မတိုင်ခင် UEFA က ၂၀၂၁-၂၂ ဘောလုံးရာသီအတွက် အကောင်းဆုံး စွမ်းဆောင်ရှင်တွေကို ကြေညာပြီး ဆုချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

၂၀၂၂-၂၃ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့်မှာ စုစုပေါင်း အသင်း ၃၂ သင်း ပါဝင်မှာ ဖြစ်ပါတယ်။ တိုက်ရိုက်ဝင်ခွင့်ရတဲ့ ဥရောပအသင်း ၂၆ သင်းရှိပြီး နောက်ထပ် ၆ သင်းကတော့ ပလေးအော့ဖ်အဆင့်မှာ အနိုင်ရလာတဲ့သူတွေပါ။ ဝင်ခွင့်ရအသင်းတွေကို မဲအိုးလေးအိုး ခွဲထားမှာပါ။

မဲအိုး ၁ မှာ လက်ရှိချန်ပီယံ၊ ယူရိုပါလိဂ် ချန်ပီယံနဲ့ ထိပ်သီးလိဂ် ၆ ခုက လိဂ်ချန်ပီယံတွေ ပါဝင်ပါတယ်။ ကျန်တဲ့ မဲအိုး ၃ အိုးမှာတော့ UEFA ရဲ့ အဆင့်သတ်မှတ်ချက် အလိုက် အသင်းတွေကို ခွဲထားပေးတာ ဖြစ်ပါတယ်။

မဲအိုး ၃ နဲ့ မဲအိုး ၄ မှာ ပါရမယ့် နောက်ဆုံး အသင်းတွေကိုတော့ ယနေ့ည ကစားမယ့် ပလေးအော့ဖ်အဆင့် ဒုတိယအကျော့ အပြီးမှာ သိရမှာပါ။ ပြီးတော့ ဘောလုံးအဖွဲ့အစည်း တစ်ခုထဲက အသင်းနှစ်သင်းဟာ အုပ်စုတစ်ခုထဲ ကျလို့မရသေးပါဘူး။

ချန်ပီယံတွေဖြစ်တဲ့ မဲအိုး ၁ မှာ ရီးရဲလ်မက်ဒရစ်၊ ဖရန့်ဖတ်၊ မန်စီးတီး၊ အေစီမီလန်၊ ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီ၊ ပေါ်တို၊ အေဂျက်တို့ ပါဝင်ပါတယ်။

မဲအိုး၂ မှာတော့ လီဗာပူး၊ ချယ်ဆီး၊ ဘာစီလိုနာ၊ ဂျူဗင်တပ်၊ အက်သလက်တီကို၊ ဆီဗီလာ၊ လိုက်ပ်ဇစ်နဲ့ စပါးတို့ ပါဝင်ပါတယ်။

မဲအိုး ၃ မှာတော့ ဒေါမွန်၊ ဆဲဘက်၊ ရှက်တာဒိုးနက်၊ အင်တာ၊ နာပိုလီ၊ စပို့တင်း၊ လေဗာကူဆင်နဲ့ ဘင်ဖီကာ ဖြစ်ပါတယ်။

နောက်ဆုံး မဲအိုး ၄ မှာတော့ ကလပ် ဘရုဂ်၊ ဆဲတစ်၊ မက်ကာဘီ ဟိုင်ဖာ၊ ဗစ်တိုးရီးယား ပယ်ဇန်၊ မာဆေးတို့ ရှိပြီး လက်ကျန် ၃ နေရာမှာ ဒိုင်နမို ဇာဂရမ် (သို့) ဘိုဒို။ ထရက်ဇွန်စပေါ် (သို့) ကိုပင်ဟေဂင်။ ပီအက်စ်ဗီ (သို့) ရိန်းဂျားတို့ နေရာရမှာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ် အုပ်စုအဆင့်ကို စက်တင်ဘာ ၆ ရက်နဲ့ ၇ ရက်တွေမှာ စတင်ကစားသွားမှာပါ။ အုပ်စုတွင်း ပွဲနေ့ စုစုပေါင်း ၆ ရက် ရှိမှာဖြစ်ပြီး ကမ္ဘာဖလားပြိုင်ပွဲ မစတင်ခင် အပြီးသတ်မှာ ဖြစ်ပါတယ်။ နောက်ဆုံးကစားရမယ့် ရက်တွေကတော့ နိုဝင်ဘာ ၁ ရက်နဲ့ ၂ ရက် ဖြစ်ပါတယ်။