မက်ဆီ၊ ဘတ်ပီ၊ နေမာတို့ကြားမှာ ပင်နယ်တီ အဓိက ကန်သွင်းရမယ့်သူကို ဆုံးဖြတ်ပေးတဲ့ ပီအက်စ်ဂျီနည်းပြ

ပီအက်စ်ဂျီ နည်းပြသစ် ခရစ္စတိုဖာ ဂယ်တီယာက မက်ဆီ၊ နေမာတို့ကို ကျော်ပြီး ဘတ်ပေဟာ ကလပ်ရဲ့ ဦးစားပေး ပင်နယ်တီ ကန်သွင်းသူဖြစ်တယ်လို့ အတည်ပြုလိုက်ပါတယ်။

ဒီနွေတုန်းက ပီအက်စ်ဂျီနဲ့ ၃ နှစ် သက်တမ်းတိုးထားတဲ့ ဘာပေးဟာ ဒီရာသီ ပီအက်စ်ဂျီရဲ့ ပင်နယ်တီကို တာဝန်ယူနေတာပါ။ သူ့အပြင် နေမာလည်း တာဝန်ယူခဲ့သေးတာကြောင့် ပြင်သစ်ချန်ပီယံတွေအတွက် အဓိက ပင်နယ်တီ ကန်သွင်းသူက ဘယ်သူလဲဆိုတဲ့ မေးခွန်းတစ်ခု ရှိလာခဲ့တာပါ။

ဂယ်တီယာက ဒီပြဿနာအတွက် ဖြေရှင်းပေးခဲ့ပြီး ဦးစားပေးက ဘတ်ပီဖြစ်ကြောင်းနဲ့ ဒုတိယ ဦးစားပေးဖြစ် နေမာကို ရွေးချယ်ထားကြောင်း အတည်ပြု ထုတ်ပြောလာခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီနည်းပြက ” အသင်းရဲ့ ဦးစားပေး ပင်နယ်တီ ကန်သွင်းမယ့်သူက ဘတ်ပီဖြစ်ပါတယ်။ သူပြီးရင်တော့ ဒုတိယဦးစားပေးအဖြစ်က နေမာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်က ကိစ္စကို ရင်ဆိုင်အပြီးမှာ ကိုယ်က စမတ်ကျနေဖို့ လိုပါတယ်။

လီယို၊ ဘတ်ပီနဲ့ နေမာကြားမှာ ကောင်းမွန်တဲ့ ဟန်ချက်ညီမှုကို ရှာဖွေသွားမှာပါ။ မနှစ်ကလိုပဲ ဆိုပေမယ့် မတူညီတဲ့ ကစားကွက်အောက်မှာ သူတို့ ကစားရမှာဖြစ်ပါတယ်။ နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ပွဲမှာဆိုရင် သူတို့က အချင်းချင်း ကူညီ ကစားပေးနိုင်ခဲ့ကြတယ်။

ပွဲရလဒ် ထွက်ပြီးနေချိန်မှာတောင် သူတို့က ခံစစ်ကို ပြန်ဆင်းကူကြပြီး အတူတကွ ကြိုးစားခဲ့ကြပါတယ်။ သူတို့တွေ အတူတကွ ကစားလိုစိတ်ရှိတာကို မြင်ရတာအတွက် ကျနော် ပျော်ရွှင်မိပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီတလောမှာ ဘတ်ပီနဲ့ အသင်းဖော် တိုက်စစ်သမားတွေဖြစ်တဲ့ မက်ဆီ၊ နေမာကြား မကျေလည်မှုတွေ ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်ထားပါတယ်။ ဒါပေမယ့်လို့ နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ လိုင်လီနဲ့ပွဲမှာတော့ သူတို့ကြား ဘာပြဿနာမှ မမြင်ရဘဲ အပြန်အလှန် သွင်းဂိုးတွေအတွက် ကူညီထားသေးတာဖြစ်ပါတယ်။

ဂယ်တီယာဟာ ဥရောပရဲ့ အန္တရာယ်အကြီးဆုံး တိုက်စစ်အတွဲကို တည်ငြိမ်အောင်နဲ့ ဟန်ချက်ညီအောင် လုပ်နိုင်မယ်ဆိုရင် လီဂူးဝမ်းနဲ့ ချန်ပီယံလိဂ် ဆုဖလားတွေကို စိန်ခေါ်နိုင်ဖို့ အခွင့်အရေးရှိနေသူလည်း ဖြစ်ပါတယ်။