စူပါလိဂ်ဘက်က ပြန်တုန်ပြန်ပြီ။ ယူအီးအက်ဖ်အေကို အားကစားခုံရုံးမှာ တရားရင်ဆိုင်မှု စတင်ပါပြီ။

ဥရောပစူပါလိဂ်ကိစ္စဟာ အားကစားခုံရုံထိပါ ရောက်လာခဲ့ပြီဖြစ်ကာ ဖီဖာ၊ ယူအီးအက်ဖ်အေတို့က တစ်ဖက်၊ ပြိုင်ပွဲကျင်းပရေး ဦးဆောင်ခဲ့တဲ့ ကုမ္ပဏီက တစ်ဖက်တို့ဟာ ဒီအပတ်ကစလို့ တရားရေး ဖြေရှင်းမှုတွေ စတင်သွားတော့မှာပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၅ လတုန်းက ဥရောပ ဘောလုံးလောကရဲ့ ရှေ့ဆောင် ကလပ် ၁၂ သင်းပါဝင်တဲ့ European Super League စတင်သွားမယ်ဆိုတဲ့ ကြေညာချက် ထွက်ပေါ်လာခဲ့ပါတယ်။ အင်္ဂလန်၊ အီတလီနဲ့ စပိန်တို့မှ ထိပ်သီးကလပ်တွေ ပါဝင်ခဲ့ကြပေမယ့် ဟာကွက်ပေါင်း များစွာနဲ့အတူ ထောက်ခံမှုမရခဲ့ပါဘူး။

ESL ပြိုင်ပွဲဟာ ဥရောပဘောလုံးကလပ်တိုင်း ပါဝင်ခွင့်ရမှာ မဟုတ်ဘဲ ဘောလုံးလောကရဲ့ ရေပေါ်ဆီ ကလပ်တွေပဲ သီးသန့်ပါဝင်ခွင့်ရမယ့် ပြိုင်ပွဲဖြစ်ခြင်းက ဒီပြိုင်ပွဲသစ်ကို ဝေဖန်ကန့်ကွက်ကြခြင်းနဲ့ မအောင်မြင်ခြင်းရဲ့ အဓိက အကြောင်းရင်းဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် နောက်ထပ် အချက်က ပြိုင်ပွဲ တည်ထောင်သူ ကလပ်တွေဟာ အင်္ဂလန်၊ အီတလီနဲ့ စပိန်တို့မှ ထိပ်သီးကလပ် ၁၂ သင်းဖြင့် စုဖွဲ့ထားတာပါ။ အဆိုပါ ကလပ်တွေဟာ ယူအီးအက်ဖ်အေ လက်အောက်မှာ ရှိနေကြသလို ဥရောပရဲ့ အကြီးကျယ်ဆုံးသော ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အဓိက အသင်းတွေ ဖြစ်နေခဲ့ပါတယ်။

ယူအီးအက်ဖ်အေဘက်က ထိပ်သီး ၁၂ သင်းကို ပုန်ကန်သူကလပ်တွေအဖြစ် နာမည်တပ်ကာ ဝေဖန် ဖိအားပေးမှုတွေကြောင့်လည်း ပြိုင်ပွဲကျင်းပရေးက မအောင်မြင်ဖြစ်ခဲ့တာဖြစ်ပါတယ်။

စူပါလိဂ် တည်ထောင်ရေး နောက်ကွယ်မှာရှိနေတဲ့ ကုမ္ပဏီဘက်က ဒီကိစ္စအတွက် တရားမျှတမှုကို ရှာဖွေနိုင်ဖို့ ကြိုးစားလာခဲ့ရာကနေ ဒီကနေ့မှာတော့ အီးယူရဲ့ Court of Justice မှာ အမူကို စတင်ကြားနာကြပြီဖြစ်ပါတယ်။

အီးယူအဖွဲ့ဝင် တရားသူကြီး ၂၇ ဦးထဲက ၁၅ ဦးဟာ စူပါလိဂ်ကိစ္စအတွက် အပြန်အလှန် တင်သွင်းချက်တွေအား ၂ ရက်ကြာ ကြားနာစစ်ဆေးသွားမှာ ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေဘက်ကတော့ ကလပ်တွေဟာ ဥရောပဘောလုံးဥပဒေကို ချိုးဖောက်ပြီး ဈေးကွက်ကို လွှမ်းမိုးရေး ထိန်းချုပ်နိုင်ဖို့ ကြိုးစားတယ်လို့ စွပ်စွဲထားတာဖြစ်ပါတယ်။ အင်အားကြီး အဖွဲ့တွေ ထိပ်တိုက်တွေ့ခြင်းဖြစ်လို့ ဘောလုံးလောကကို သက်ရောက်မှုရှိစေတဲ့ အဖြေတစ်ခု ထွက်လာမလား စောင့်ကြည့်ရမှာပါ။

ဒီကိစ္စဟာ ၁၉၉၅ ခုနှစ်မှာ ဥရောပဘောလုံးလောကကို တုန့်လှုပ်စေခဲ့တဲ့ Bosman စည်းမျဉ်းနောက်ပိုင်း အကြီးကျယ်ဆုံးသော ကြားနာမှုကိစ္စ ဖြစ်လာဖို့ ရှိနေပါတယ်။