ကာတာကမ္ဘာဖလား ဘောလုံးကွင်းတွေအတွင်း အရက်၊ ဘီယာ တားမြစ်ဖွယ်ရှိလာ

ဒီနှစ်ထဲ ကျင်းပတော့မယ့် ကမ္ဘာအကြီးအကျယ်ဆုံး ဘောလုံးပြိုင်ပွဲကြီးဖြစ်တဲ့ ၂၀၂၂ ခုနှစ် ကာတာ ကမ္ဘာဖလားမှာ အရက်သေစာ သောက်စားမှုကို တားမြစ်လိမ့်မယ်လို့ Reuters သတင်းဌာနက ဖော်ပြပါတယ်။

အရက်သေစာ သောက်စားမှုကို တင်းကြပ်စွာ ထိန်းချုပ်ထားပြီး ဘီယာ စပွန်ဆာ ကုမ္ပဏီကြီးတွေနဲ့ သောက်သုံးသူ ပရိသတ်တွေအတွက် စိန်ခေါ်မှုတွေ ရှိထားတဲ့ နိုင်ငံ တစ်ခုက ကမ္ဘာဖလားပြိုင်ပွဲကို အိမ်ရှင်နေရာက ဧည့်ခံ ကျင်းပခွင့်ရခြင်းကြောင့် များစွာသော အကန့်အသတ်တွေ ရှိလာဖို့ ဦးတည်နေပါတယ်။

ကာတာက ကမ္ဘာဖလားပွဲကြည့်စင်တွေကို alcohol-free နေရာတွေအဖြစ် သတ်မှတ်သွားမှာဖြစ်ပေမယ့် အချို့သော ပွဲစဉ်တွေမှာတော့ ပွဲမတိုင်ခင်နဲ့ ပွဲအပြီးတွေမှာ ကွင်းပြင်ပ သတ်မှတ်နေရာတွေအတွင်း ဘီယာ ရောင်းချမှုတွေကို ခွင့်ပြုမယ်လို့ သိရတယ်။

” ကွင်းတွေထဲမှာ ဘီယာမသောက်ဖို့ အစီအစဉ်တွေအတွက် အပြီးသတ် ဆုံးဖြတ်ဖို့တော့ လိုနေဆဲပါ။ ဒါပေမယ့်လို့ လက်ရှိ အခြေအနေအရ ပရိသတ်တွေ ရောက်လာချိန်နဲ့ ထွက်ခွာချိန်တွေမှာ ဘီယာ သောက်သုံးခွင့်ပေးမှာ ဖြစ်သော်ညား ပွဲကျင်းပနေစဉ် ဘီယာ သောက်ခွင့်နဲ့ ဧည့်ခံခွင့် ပေးသွားမှာ မဟုတ်ပါဘူး ” လို့ ပွဲကျင်းပရေး တာဝန်ရှိသူ တစ်ဦးက Reuters ကို ပြောပြပါတယ်။

ကာတာကမ္ဘာဖလားကို ဘောလုံးပရိသတ် ၁.၂ သန်းကျော် လာရောက်ကြည့်ရှုကြဖွယ် ရှိနေတာဖြစ်ပြီး ဒီထဲက ပရိသတ် အများစုဟာ ပွဲနေ့တွေမှာ ဘီယာကို အကန့်အသတ်မရှိ သောက်သုံးလေ့ရှိသူတွေ ပါဝင်ကြမယ်လို့ တွက်ဆထားကြပါတယ်။

၂၀၁၄ ကမ္ဘာဖလားတုန်းက တူညီတဲ့ အနေအထားအဖြစ် ဘရာဇီးက ကွင်းအတွင်း ဘီယာသောက်သုံးမှုကို ပိတ်ပင်ထားခြင်းဟာ ဖီဖာရဲ့ ဖိအားပေးမှုတွေကြောင့် ပယ်ဖျက်ပေးခဲ့ရပါတယ်။ ဒီတစ်ကြိမ် ကျင်းပမယ့် ကာတာရဲ့ နေရာအများစုကလည်း ဘီယာသောက်သုံးဖို့ တရားဝင် ခွင့်ပြုခြင်း မရထားတာဖြစ်တယ်။

သို့ပေမယ့်လို့ နိုဝင်ဘာလမှ စတင် ကျင်းပမယ့် ကမ္ဘာဖလားမှာ သတ်မှတ်ထားတဲ့ နေရာတွေအတွင်းက ဖီဖာ fan zone တွေမှာ ဘီယာ ရောင်းချမှုတွေကို ခွင့်ပြုဖွယ် ရှိပါတယ်။

” အရင် ကမ္ဘာဖလား fan zones တွေနဲ့ မတူတာကတော့ အချိန်မရွေး ဘီယာ ဧည့်ခံခွင့်ရမှာ မဟုတ်ဘဲ အချိန် ကန့်သတ်သွားမှာပါ ” လို့ အဆိုပါ သတင်းပေးက ဆက်ပြောပါသေးတယ်။

ဖီဖာနဲ့ ကာတာက ကမ္ဘာဖလားကျင်းပရေး တာဝန်ရှိသူတွေကြား ဘီယာ၊ ရှမ်ပိန်နဲ့ အရက်သေစာ ကိစ္စတွေကို ဧည့်ခံမှုနဲ့ ပတ်သက်လို့ ဆွေးနွေးမှုတွေ လုပ်နေသေးပေမယ့် သေချာတာ တစ်ခုကတော့ ဒီနှစ် ကမ္ဘာဖလားပြိုင်ပွဲမှာ ပရိသတ်တွေဟာ ဘီယာတွေကို ဈေးကြီးပေးပြီး သောက်သုံးရဖွယ် ရှိနေတာဖြစ်ပါတယ်။