၂၀၂၂ ကာတာ ကမ္ဘာဖလားမှာ နည်းပညာ အကူအညီနဲ့ လူကျွံဘော ဖမ်းခိုင်းမယ် အတည်ပြုတဲ့ ဖီဖာ

ကာတာမှာ ကျင်းပမယ့် ကမ္ဘာဖလား ပြိုင်ပွဲမှာတော့ ပွဲနေ့ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်ကို အကူအညီပေးနိုင်ရေး နည်းပညာပိုင်းတွေကို ပိုမို အသုံးပြုသွားမှာ ဖြစ်ပါတယ်။

ဖီဖာကနေပြီး ၂၀၂၂ ကမ္ဘာဖလားမှာ ဆီမီး-အော်တို စနစ်ဖြင့် လူကျွံဘောဖမ်းမှုတွေ ပြုလုပ်မယ်လို့ တရားဝင် ကြေညာပါတယ်။ ဒါဟာ ၂၀၁၈ ကမ္ဘာဖလားမှာ အငြင်းပွားဖွယ် ကိစ္စတွေကို အဆုံးအဖြတ်ယူဖို့ VAR စနစ်ကို စတင်မိတ်ဆက်ခဲ့အပြီး နောက်ထပ် ခြေလှမ်းသစ်ကို အရှိန်မြှင့်တင်ခြင်း ဖြစ်လာပါမယ်။

၂၀၂၂ ကာတာ ကမ္ဘာဖလားမှာ နည်းပညာပိုင်းဟာ ပိုမို အရေးကြီးတဲ့ ကဏ္ဍကနေ ပါဝင်လာစေဖို့ ဖီဖာက ရည်ရွယ်ထားပါတယ်။ ဒီတစ်ကြိမ် ကမ္ဘာဖလားပြိုင်ပွဲမှာ တိကျတဲ့ လူကျွံဘောဆိုင်ရာ ဆုံးဖြတ်ချက်ကို စက္ကန့် ၇၀ ကနေပြီး ၂၅ စက္ကန့် ထိ လျော့ချနိုင်အောင် ဖြတ်တောက်ဖို့လည်း ရည်ရွယ်ထားပါတယ်။

ကမ္ဘာဖလားပြိုင်ပွဲဝင် ဘောလုံးရဲ့ အလယ်မှာ တစက္ကန့်ကို အကြိမ် ၅၀၀ ဒေတာ ဖတ်နိုင်မယ့် အာရုံခံစက်တစ်ခု တပ်ဆင်ထားမှာပါ။ အဆိုပါ ဘောလုံးနဲ့အတူ အားကစားကွင်း ခေါင်းမိုးတွေမှာ တပ်ဆင်ထားတဲ့ အထူးကင်မရာ ၁၂ လုံးနဲ့ ပူးတွဲပြီး ဆီမီး-အော်တို လူကျွံဘောစနစ်ကို အသုံးပြုမှာ ဖြစ်ပါတယ်။

ကင်မရာတွေက ဘောလုံးအခြေအနေကော၊ ကစားသမားတွေရဲ့ အခြေအနေကိုပါ အာရုံခံပြီး လူတစ်ဦးချင်းရဲ့ ကွင်းထဲမှာ ရှိနေတဲ့ အခြေအနေတွေအတွက် တစက္ကန့်ကို အကြိမ် ၅၀ နှုန်း ဒေတာတွေ ပေးပို့မှာဖြစ်ပါတယ်။

အကယ်လို့ လူကျွံ အနေအထားတစ်ခု ရှိနေပြီဆိုရင် VAR ဒိုင်ကို အချက်ပြမှာဖြစ်ပြီး သူကတစ်ဆင့် ကွင်းတွင်းက ဒိုင်တွေထံ အချက်ပေးမှု ပြန်လည် ပေးပို့မှာဖြစ်ပါတယ်။ စက္ကန့် အနည်းငယ်အတွင်း ဖြစ်ရပ်တွေကို တိတိကျကျ အဆုံးအဖြတ်ပေးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဖီဖာက ဆိုပါတယ်။

လူကျွံဘောဖြစ်လိုက်တာနဲ့ 3D ပုံရိပ်တွေကတစ်ဆင့် လူကျွံဘော အခြေအနေတစ်ခုအတွက် ဖြစ်နိုင်တဲ့ အကောင်းဆုံး အခြေအနေတွေကို အမြဲတမ်း ပြသသွားမှာဖြစ်ပါတယ်။

နောက်ပြီး ဒီဖြစ်ရပ်တွေကို VAR အဖွဲ့တွေကပဲ ကြည့်ပြီး ဆုံးဖြတ်လိုက်မှာ ဆိုပေမယ့် ပရိသတ်တွေ အားလုံးမြင်နိုင်အောင် ကွင်းတွင်းက စခရင် အကြီးကြီးတွေမှာပါ ထုတ်ပြသွားမှာ ဖြစ်ပါတယ်။

၂၀၂၂ ကာတာ ကမ္ဘာဖလားပြိုင်ပွဲ မတိုင်ခင်မှာ စမ်းသပ်မှုတွေ ပြုလုပ်ဦးမှာဖြစ်ပေမယ့် ပြိုင်ပွဲစတင်လာခဲ့ရင် အဆိုပါ နည်းပညာဟာ အသုံးပြုရေး အဆင့်သင့်ဖြစ်နေစေဖို့ ဖီဖာက ယုံကြည်ချက်ရှိနေတယ်လို့ သိရပါတယ်။