ချန်ပီယံလိဂ် ပြိုင်ပွဲကို ဖျက်သိမ်းစေချင်ပြီး ဖလားရတော့ အောင်ပွဲခံ မပြီးတော့တဲ့ မက်ဒရစ်လို့ ပီအက်စ်ဂျီ ဝေဖန်

လီဂူးဝမ်း ချန်ပီယံ ပီအက်စ်ဂျီအသင်းက ဒီကာလတွေအတွင်း သူတို့နဲ့ ပြဿနာတွေ တတ်နေတဲ့ လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်ကို စိန်ခေါ်စကား ပြောဆိုလိုက်ပြီး ဖြစ်ပါတယ်။

ဥက္ကဋ္ဌ Al-Khelaifi က ချန်ပီယံလိဂ်ပြိုင်ပွဲကနေ နုတ်ထွက်ပြီး စူပါလိဂ်ထောင်ဖို့ တကဲကဲဖြစ်နေတဲ့ ရီးရဲလ်မက်ဒရစ်က သူတို့ ချန်ပီယံဖြစ်လာတော့လည်း အောင်ပွဲခံနေလိုက်တာမှ ရပ်လို့တောင် မရတော့ဘူးလို့ သရော်ခဲ့တာပါ။

လီဗာပူးကို အနိုင်ရပြီး ၁၄ ကြိမ်မြောက် ဥရောပချန်ပီယံဖြစ်လာတဲ့ ရီးရဲလ်မက်ဒရစ်ဟာ ဥရောပ စူပါလိဂ်ဖြစ်လာရေး ဦးဆောင် ကလပ် ၃ သင်းထဲမှာ ပါဝင်နေဆဲဖြစ်သလို ချန်ပီယံလိဂ်ပြိုင်ပွဲကနေ သူတို့ရဲ့ ပြိုင်ပွဲသစ်ထံ ကလပ်တွေ ပြောင်းကစားဖို့ စည်းရုံးသွားဦးမှာဖြစ်ပါတယ်။

Al-Khelaifi ကတော့ အနာဂတ်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲ လုံးဝ မပြိုကွဲစေရဘူးလို့ ကတိခံရင်း ရီးရဲလ်မက်ဒရစ်ရဲ့ ဥရောပ စူပါလိဂ် အိပ်မက်ကို ဟန့်တားမယ်လို့ ပြောဆိုလာခဲ့တယ်။ ဒါဟာ ယူအီးအက်ဖ်အေထံ ၎င်းတို့ကို တိုင်ကြားခဲ့တဲ့ လာလီဂါအသိုင်းအဝိုင်းကို လူသိရှင်ကြား ရင်ဆိုင်ခြင်းလည်း ဖြစ်လာခဲ့ပါတယ်။

သူက ” အသင်းကြီးတိုင်းကို ကျနော် လေးစားပါတယ်။ ရီးရဲလ်မက်ဒရစ်က ချန်ပီယံလိဂ် အနိုင်ဖို့လည်း ထိုက်တန်ပါတယ်။ သူတို့က ချန်ပီယံလိဂ် ပြိုင်ပွဲကို ဖျက်သိမ်းစေချင်နေပြီး ဖလားရချိန်မှာတော့ အောင်ပွဲခံလို့ကို မပြီးတော့ပါဘူး။

ဆီမီးဖိုင်နယ်မှာ အေဂျက်ကို မြင်ရတာ၊ ဖိုင်နယ်မှာ စပါးကို မြင်ရတာတွေကိုတော့ ကျနော် သဘောကျပါတယ်။ ပီအက်စ်ဂျီရဲ့ ပထမဆုံးသော ဥရောပအဖြစ် ဆဲလ်ဘတ်မှာ အေးခဲနေတဲ့ကြားက ပရိသတ်တွေ ရင်ဘတ်ဗလာနဲ့ အားပေးခဲ့ကြတာကို ကျနော် မှတ်မိပါတယ်။

ဒါက ဘောလုံးရဲ့ စိတ်ဝိဉာဉ်ပါပဲ။ အပြီးပိတ်ထားတဲ့ လိဂ်ပြိုင်ပွဲနဲ့ ဒီလို ခံစားချက်ကောင်းတွေရှိတဲ့ ပြိုင်ပွဲကြီးကို ဟန့်တားလိုက်ဖို့ ကြိုးစားတာက မမျှတပါဘူး။ အဲ့လို ဘယ်တော့မှ ဖြစ်မလာစေရပါဘူး ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ ပီအက်စ်ဂျီနဲ့ ရီးရဲလ်မက်ဒရစ် အကြီးအကဲတွေ ထိပ်တိုက် တွေ့နေကြခြင်း မရှိသေးပေမယ့် လာလီဂါ ဥက္ကဋ္ဌက ဥရောပဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်း ချိုးဖောက်မှုအတွက် ပီအက်စ်ဂျီကို တိုင်ကြားထားတာပါ။

လာလီဂါဟာ သူတို့ရဲ့ နာမည်ကျော် ကစားသမားတွေဖြစ်တဲ့ နေမာ၊ မက်ဆီတို့ကို ပီအက်စ်ဂျီက ခေါ်ယူသွားတဲ့နောက် ဥရောပမှာ အရှိန်အဝါ ကျဆင်းလာမှုအပေါ် မကျေမနပ်ဖြစ်နေဆဲ ဖြစ်ပါတယ်။