ချန်ပီယံလိဂ်ဖိုင်နယ်မှာ လီဗာပူး ရှုံးသွားတာ မြင်တော့ ပျော်မိတယ် ဆိုတဲ့ ရူဒီဂါ

ချယ်ဆီးခံစစ်မှူးဟောင်း ရူဒီဂါက ချန်ပီယံလိဂ် ဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ်က လီဗာပူးကို အနိုင်ယူခဲ့တာအတွက် ပျော်ရွှင်မိတယ်လို့ ထုတ်ပြောခဲ့ပါတယ်။

လန်ဒန်ကလပ်နဲ့အတူ လီဗာပူးကို ရင်ဆိုင်ခဲ့တဲ့ ကာရာဘောင်း၊ အက်ဖ်အေဖလား ဖိုင်နယ်ပွဲတွေမှာ အရေးနိမ့်ခဲ့တဲ့ ရူဒီဂါက သူပြောင်းကစားရမယ့် အသင်းက သူအကြိမ်ကြိမ် အရေးနိမ့်ခဲ့တဲ့ အသင်းကို အနိုင်ယူသွားခဲ့တာအတွက် ပုဂ္ဂိုလ်ရေးအရ ကျေနပ်နေခဲ့တာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ် ရေပန်းစားအသင်းဖြစ်ခဲ့တဲ့ လီဗာပူးဟာ ရီးရဲလ်မက်ဒရစ်ကို ရင်ဆိုင်ရာမှာ လွှမ်းမိုးကစားခဲ့ပေမယ့် ခံစစ်ကို ကျစ်ကျစ်လစ်လစ် ပိတ်ထားခဲ့ပြီး ကောင်တာ ကစားသွားတဲ့ လာလီဂါကလပ် ခံစစ်ကို ရင်ဆိုင်ရာမှာ လိုအပ်ချက်တွေ များခဲ့တာပါ။ ဒါကြောင့်ပဲ ၁-၀ ဆိုတဲ့ ရလဒ်ကို ပြန်မလှန်နိုင်ဘဲ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

တနင်္လာနေ့က ရီးရဲလ်မက်ဒရစ် ကစားသမားသစ်အဖြစ် မိတ်ဆက်မှုမှာ ရူဒီဂါက “ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ် အနိုင်ရတာအတွက် အရမ်းကို ပျော်မိပါတယ်။ ရီးရဲလ်အတွက် ကစားပေးရတော့မယ်ဆိုတာ ကျနော် သိတယ်လေ။

အဲ့တာကြောင့်ပဲ ချန်ပီယံလိဂ် ဖိုင်နယ်က ပုဂ္ဂိုလ်ရေးအရ ကျနော်အတွက် တတိယ ဖိုင်နယ်ပွဲပါပဲ။ အဲ့မတိုင်ခင် ဖလား ဖိုင်နယ်ပွဲ ၂ ခုမှာ လီဗာပူးကို ကျနော် ရှုံးထားခဲ့တာပါ ” လို့ ပြောပြခဲ့ပါတယ်။

ချယ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ခဲ့ပြီဖြစ်လို့ အလွတ်နဲ့ ထွက်ခွာခွင့်ရခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် ခံစစ်မှူးဟာ လာလီဂါကလပ်ကို ၄ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

“ ရီးရဲလ်မက်ဒရစ်ဆိုတာက အောင်နိုင်ဖို့ပါပဲ။ ဒီကလပ်က အောင်နိုင်မှုတွေအတွက်ပဲ ကစားတာပါ။ ဒီမှာ စတင်မှုတွေ လုပ်ရဖို့ကို ကျနော်တော့ မစောင့်နိုင်အောင်ပါပဲ။

မနှစ်ကရာသီ ချန်ပီယံလိဂ်မှာ ရီးရဲလ်မက်ဒရစ် လုပ်ပြခဲ့တာတွေက စကားလုံးနဲ့ ဖော်ပြဖို့တောင် ခက်ခဲပါတယ်။ မယုံနိုင်စရာပါ။ သူတို့က သံသယတွေနဲ့ ရေပန်းစားမှုတွေကို ရိုက်ချိုးပြခဲ့တယ်။ တကယ့်ကို မယုံနိုင်စရာပါပဲ ” လို့ ရူဒီဂါက ဆက်လက် ပြောဆိုသွားခဲ့ပါတယ်။