အရုပ်ဆိုးလှတဲ့ ချန်ပီယံလိဂ်ဖိုင်နယ် ဖြစ်ရပ်အတွက် ယူအီးအက်ဖ်အေကို အဖြေပေးပါဦး တောင်းဆိုပြီဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်

၂၀၂၂ ခုနှစ် ချန်ပီယံလိဂ်ဖိုင်နယ်မှာ ပြဿနာတွေ တတ်ခဲ့ကြတဲ့နောက် ယူအီးအက်ဖ်အေနဲ့ လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်ကြား ထိပ်တိုက်တွေ့မှု စတင်ပြီဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်က ဗိုလ်လုပွဲကို ဘာလို့ Stade de France မှာ ကျင်းပဖို့ ဆုံးဖြတ်ခဲ့ရသလဲ ဆိုပြီး မေးခွန်းထုတ်ခဲ့တာပါ။ လာလီဂါကလပ်ဘက်ကတော့ ကွင်းပြင်ပမှာဖြစ်ခဲ့တဲ့ လက်မခံနိုင်ဖွယ် ကိစ္စတွေအတွက် တာဝန်ခံပေးဖို့လည်း ထည့်သွင်း တောင်းဆိုပါတယ်။

ပြီးခဲ့တဲ့ အပတ် ရီးရဲလ်မက်ဒရစ်က လီဗာပူးကို ၁-၀ နဲ့ အနိုင်ရတဲ့ပွဲမှာ များစွာသော ဘောလုံးပရိသတ်တွေက ကွင်းပြင်ပမှာ ၂ နာရီကြာ တန်းဆီခဲ့ရသလို ရဲအဖွဲ့က ဘောလုံးအားပေးသူတွေကို မျက်ရည်ယို ဓါတ်ငွေ့သုံးပြီး ဟန့်တားမှုတွေ ရှိခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ပွဲအပြီး ကွင်းထဲကနေ ပြန်လည် ထွက်ခွာတဲ့ ပရိသတ်တွေဟာ တိုက်ခိုက် လုယက်ခြင်းတွေကိုလည်း ရင်ဆိုင်ခဲ့ရတာဖြစ်တယ်။ ဒီလို လက်သင့်ခံနိုင်စရာ မရှိတဲ့ ကိစ္စတွေကို အဓိက ရင်ဆိုင်ခဲ့ရတာက လီဗာပူးပရိသတ်တွေဖြစ်ပေမယ့် ရီးရဲလ်မက်ဒရစ် ပရိသတ်တွေလည်း တူညီတဲ့ ရန်ပြုမှုတွေကို ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

ယူအီးအက်ဖ်အေဘက်ကတော့ ပရိသတ်တွေက လက်မှတ်တုတွေနဲ့ ဝင်ရောက်ဖို့ ကြိုးစားမှုတွေကြောင့် အခုလို ပြဿနာတွေ တတ်ခဲ့တာလို့ အကြောင်းပြချက်ပေးပေမယ့် လူမှုကွန်ယက်ပေါ်မှာ ထွက်ပေါ်နေတဲ့ ဓါတ်ပုံနဲ့ ဗီဒီယိုတွေအရ ၎င်းတို့ရဲ့ ထုတ်ပြန်ချက်ဟာ လက်ခဲဖို့ ခက်ခဲစရာတွေ ရှိနေခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်ဘက်က သူတို့ရဲ့ ပရိသတ်တွေကို ကာကွယ်မှု ပြုလုပ်လာခဲ့ပြီး “ ရီးရဲလ်မက်ဒရစ်ဘက်က ဘာလို့ ဖိုင်နယ်ကို ဒီကွင်းမှာ ယှဉ်ပြိုင်ဖို့ ရွေးချယ်ခဲ့ရသလဲ၊ ဒီကွင်းကို အသုံးပြုဖို့ရာ ဘယ်လို စံနှုန်းတွေ သတ်မှတ်ခဲ့သလဲနဲ့ ပွဲနေ့ အတွေ့အကြုံတွေနဲ့ ပတ်သက်လို့ သိရှိလိုပါတယ်။

ဒါ့အပြင် ပရိသတ်တွေကို ဂရုမစိုက်ဘဲ အကာအကွယ်မယ့် ထားရစ်ခဲ့တဲ့ ကိစ္စမှာ တာဝန်ရှိသူတွေဘက်က ရှင်းလင်းချက်တွေနဲ့ အဖြေပေးဖို့ တောင်းဆိုပါတယ် ” လို့ တရားဝင် စာထုတ်လာခဲ့တာဖြစ်တယ်။

ကွင်းပြင်ပမှာတော့ ဧည့်သည်ပရိသတ်တွေဖြစ်တဲ့ နှစ်ဘက်အသင်းသားတွေဟာ ပြင်သစ် ဒေသခံ လူငယ်တွေရဲ့ ရမ်းကား လုယက်မှုတွေကို ရင်ဆိုင်ခဲ့ရတယ်။ ဒါ့အပြင် ပြင်သစ်ပရိသတ်တွေဟာ လက်မှတ် အထောက်အထား မပါဘဲ ကွင်းထဲ ဝင်ရောက်ခွင့်ရချိန်မှာ နှစ်သင်း ပရိသတ်တွေက စစ်ဆေးမှု များစွာနဲ့အတူ ကွင်းထဲ ဝင်ရောက်ဖို့ ခက်ခဲခဲ့ကြတာပါ။

ပြင်သစ်အာဏာပိုင်တွေကတော့ ပြီးစလွယ်သဘောအဖြစ် ပဲရစ်ကို လာရောက်ကြတဲ့ လီဗာပူးပရိသတ်တွေဟာ လက်မှတ်တုတွေ ကိုင်ဆောင်လာခဲ့တယ်လို့ စွပ်စွဲခဲ့ကြတယ်။ ရဲအဖွဲ့က အင်အားသုံး ဖိနှိပ်ခြင်းတွေက ပရိသတ်တွေရဲ့ စစ်ဆေးမှုတွေကို ငြင်းဆန်ခြင်းကြောင့်လို့ သတင်းထုတ်ပြန်ပါတယ်။

ဒါပေမယ့်လို့ ဗီဒီယို အထောက်အထားတွေမှာ ပရိသတ်တွေက ကွင်းထဲ ဝင်နိုင်ရေး စစ်ဆေးမှုတွေကို ကြည်ကြည်ဖြူဖြူ ပူးပေါင်းပေးနေကြပေမယ့် ကွင်းစီမံသူတွေဘက်က အကြောင်းရင်းမဲ့ မျက်ရည်ယို ဓါတ်ငွေ့တွေကို အသုံးပြုခဲ့တာတွေ ပါဝင်ခဲ့တာဖြစ်တယ်။ ကလေးသူငယ်နဲ့ သက်ကြီး ပရိသတ်တွေကလည်း အဆိုပါ တိုက်ခိုက်မှုတွေကို ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

လီဗာပူးအသင်းဘက်ကတော့ ဒီဖြစ်ရပ်အတွက် လွတ်လပ်သော စုံးစမ်းစစ်ဆေးမှု ပြုလုပ်ပေးဖို့ တောင်းဆိုထားသလို ရီးရဲလ်မက်ဒရစ်နဲ့ ပူးပေါင်းပြီး ယူအီးအက်ဖ်အေနဲ့ ပြင်သစ် အာဏာပိုင်တွေရဲ့ စီမံမှု လွဲမှားခြင်းတွေကို ဖော်ထုတ်ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။