ယူအီးအက်ဖ်အေရဲ့ ခေါင်းရှောင်မှု၊ ပြင်သစ်အာဏာပိုင်တွေရဲ့ စွပ်စွဲမှုတွေကို သက်သေပြဖို့ ရီးရဲလ်မက်ဒရစ်နဲ့ ပူးပေါင်းမယ့် လီဗာပူး

၂၀၂၂ ချန်ပီယံလိဂ်ဖိုင်နယ်ဟာ အတော်လေး ဆိုးရွားတဲ့ ကွင်းပြင်ပ ကိုင်တွယ်ပုံတွေနဲ့အတူ ပြီးစီးခဲ့ပေမယ့် နောက်ဆက်တွဲ ကိစ္စတွေက ပိုလို့ အရှိန်မြှင့်လာခဲ့ပြီဖြစ်ပါတယ်။

ယူအီးအက်ဖ်အေရဲ့ ဖိုင်နယ်ပွဲအတွင်း ကွင်းဝင်ခွင့် စီမံမှုနဲ့ ပြင်သစ်ရဲ့အဖွဲ့ရဲ့ ဖြေရှင်းပုံတွေဟာ လီဗာပူးပရိသတ်တွေကို တိုက်ရိုက် ထိခိုက်မှုတွေရှိခဲ့တာပါ။ လီဗာပူးပရိသတ်တွေက ကလပ်ကို ဦးဆောင်ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ရာက မာဆေးဆိုဒ်ကလပ်ဟာ ယူအီးအက်ဖ်အေထံ အိတ်ဖွင့်ပေးစာနဲ့တကွ ကွင်းပြင်ပမှာ ဘာဖြစ်ခဲ့သလဲ စုံးစမ်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒါပေမယ့်လို့ ပြင်သစ်အာဏာပိုင်တွေက ကွင်းပြင်ပမှာ သူတို့ရဲ့ ကိုင်တွယ်ပုံတွေက အလုံးစုံ မှန်ကန်ပါကြောင်းနဲ့ လီဗာပူးပရိသတ်တွေကို သူတို့က ဆိုးဆိုးရွားရွား ဆက်ဆံတာ မဟုတ်ဘဲ ဝင်ခွင့်မရှိတဲ့ လီဗာပူးပရိသတ်တွေကြောင့် အခြေအနေတွေက ဆိုးရွားခဲ့တာပါလို့ တရားဝင် ထုတ်ဖော်ခဲ့တယ်။

အဆိုပါ ထုတ်ပြန်ချက်ကို ဒေါသထွက်ခဲ့တဲ့ လီဗာပူးအသင်းက ပြင်သစ်အာဏာပိုင်တွေနဲ့ ယူအီးအက်ဖ်အေတို့ရဲ့ ဘောလုံးပရိသတ်တွေကို ဆိုးရွားစွာ ဆက်ဆံမှု၊ ဖြစ်ရပ်ကို ခေါင်းရှောင်ပြီး မှားယွင်းတဲ့ စွပ်စွဲမှုတွေ ပြုလုပ်မှုတွေကို ဒေါသထွက်ကာ အမှန်တရားကို သက်သေပြနိုင်ရေး အားထုတ်မယ်လို့ ကတိပြုထားပြီဖြစ်ပါတယ်။

လီဗာပူး အမှုဆောင်ချုပ် ဘီလီဟိုဂန်က ရီးရဲလ်မက်ဒရစ် ဥက္ကဋ္ဌ ပီရက်ဇ်ကို ဆက်သွယ်ထားပြီး ဖိုင်နယ်ပွဲမှာ ရီးရဲလ်မက်ဒရစ် ပရိသတ်တွေ ဆက်ဆံခံရတာတွေကို မျှဝေပေးဖို့နဲ့ Stade de France ကွင်းပြင်ဘက်မှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတဲ့ အမှန်တရားအတွက် နှစ်သင်း ပူးပေါင်းလုပ်ဆောင်ဖို့ ကြိုးစားနေပြီဖြစ်ပါတယ်။

လီဗာပူးပရိသတ်တွေနည်းတူ စပိန်ပရိသတ်တွေကလည်း ပြင်သစ်မှာ တိုက်ခိုက်ခံရတာ၊ ကွင်းထဲ ဝင်ရောက်မှု အဆင်မပြေတာတွေ ရှိခဲ့ကြောင်းကို စပိန်သတင်းထောက်တွေက ဖော်ပြထားကြတယ်။ ကလပ်နှစ်သင်းကြား ပူးပေါင်းမှုကနေတစ်ဆင့် သက်သေ အထောက်အထားနဲ့တကွ တင်ပြနိုင်အောင် ကြိုးစားကြဖွယ် ရှိပါတယ်။

ဗီဒီယိုမှတ်တမ်းတွေမှာတော့ ဒေသခံ ပြင်သစ်လူငယ် ၁၀၀၀ ဝန်းကျင်ဟာ ဘောလုံးပွဲ လာကြည့်တဲ့ အင်္ဂလန်၊ စပိန်နဲ့ နိုင်ငံအသီးသီးမှ ပရိသတ်တွေကို ထိုးနှက် လုယက်ခြင်းတွေ ကျူးလွန်ခဲ့ကြပါတယ်။ ဒါပေမယ့် ပြင်သစ်အာဏာပိုင်တွေက အဆိုပါကိစ္စကို လုံးဝ မျက်ကွယ်ပြုထားပြီး လီဗာပူးပရိသတ်တွေမှာပဲ တာဝန်ရှိတယ်လို့ ငြင်းဆန်နေတာပါ။

ဒါပေမယ့် အလုယက်ခံရတဲ့ ပရိသတ်တွေထဲမှာ VIP ကနေ ဝင်ခွင့်ရမယ့် ဗြိတိန် ဘေဘာပါတီ အဖွဲ့ဝင် လီဗာပူးမြို့တော်ဝန် Steve Rotheram လို ပုဂ္ဂိုလ်လည်း ပါဝင်နေတယ်။ ဒါ့အပြင် ပြင်သစ်ရဲ့အဖွဲ့ရဲ့ ဆိုးရွားတဲ့ ဆက်ဆံမှုတွေ ရင်ဆိုင်ရသူတွေထဲမှာ လီဗာပူးကစားသမားတွေရဲ့ မိသားစုဝင်တွေ၊ နာမည်ကျော် ကစားသမားဟောင်းတွေရဲ့ မိသားစုဝင်တွေလည်း ပါဝင်နေခဲ့တာဖြစ်ပါတယ်။

ဗြိတိန်အားကစားနယ်ပယ်ကလူတွေနဲ့ လီဗာပူးမြို့ အာဏာပိုင်တွေကလည်း ကွင်းပြင်ပမှာ ယူအီးအက်ဖ်အေရဲ့ စီမံမှု အမှားတွေအတွက် မှန်ကန်တဲ့ ဖြေရှင်းချက် ထွက်ပေါ်လာဖို့ တောင်းဆိုမှုတွေရှိတယ်။

လီဗာပူးအသင်းကတော့ ပွင့်လင်းမြင်သာမှုရှိတဲ့ စုံစမ်းစစ်ဆေးမှုတွေကနေ ယူအီးအက်ဖ်အေနဲ့ ပြင်သစ်အာဏာပိုင်တွေ တရားဝင် တောင်းပန်မှု ပြုလုပ်ပေးဖို့ တောင်းဆိုထားပါတယ်။