ယူနိုက်တက်က ဒီနွေမှာ ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ခံစစ်မှူး တင်ဘာက ချန်ပီယံလိဂ်ဝင်ခွင့်ရ အေဂျက်မှာပဲ ဆက်နေလိုကြောင်း ထုတ်ပြောလာပါတယ်။
ဗာရန်း၊ မက်ဂွဲရား၊ လင်ဒီအော့တို့ ရှိနေတဲ့ ယူနိုက်တက်ခံစစ်မှာ နောက်ထပ် ခံစစ်မှူး တစ်ဦးကို ခေါ်ယူဖို့ နည်းပြသစ် တန်ဟက်က အလိုရှိနေတာပါ။ သူကတော့ အေဂျက်က အသက် ၂၀ အရွယ် ခံစစ်မှူးဖြစ်တဲ့ တင်ဘာကို ပရီးမီးယားလိဂ်ထံ ခေါ်ယူလာဖို့ အလိုရှိနေတာဖြစ်တယ်။
တင်ဘာဟာ အေဂျက်ရဲ့ ပုံမှန် ပွဲထွက်ခွင့်ရ ကစားသမားဖြစ်ကာ အကယ်လို့ သူက အေဂျက်မှာ ဆက်နေမယ်ဆိုရင် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရမှာပါ။ တင်ဘာ ကိုယ်တိုင်က ဒါကို အခွင့်အရေးကြီးလို့ မြင်ထားပြီး နည်းပြတန်ဟက်ရှိရာ မန်ချက်စတာကလပ်ထံ ကူးပြောင်းဖို့ စိတ်အားထက်သန်နေခြင်း မရှိပါဘူး။
” အဆုံးမှာတော့ ကျနော် ရင်ထဲက ခံစားချက်ကပဲ အဆုံးအဖြတ်ပေးသွားမှာပါ ” လို့ နယ်သာလန် လက်ရွေးစင်က ယူနိုက်တက်က သူ့ကို စိတ်ဝင်စားနေကြောင်း သတင်းတွေအတွက် မှတ်ချက်ပေးပါတယ်။
ခံစစ်သမားက “ ကိုယ်ရွေးမယ့် လမ်းက မှန်ဖို့လိုပါတယ်။ ကိုယ်က အသင်းကြီးတစ်သင်းကို သွားလို့ ရနိုင်တယ် ဒါပေမယ့် ကိုယ်သွားမယ့် အသင်းမှာက ပွဲကစားခွင့်တွေ မရဘူးဆိုရင် အေဂျက်မှာပဲ ဆက်နေတာက ပိုကောင်းပါတယ်။ အေဂျက်ကလည်း အသင်းကြီး တစ်သင်းပါပဲ။
ကျနော်တို့က ချန်ပီယံလိဂ်မှာ ပါဝင်ကစားနေရတာလေ။ နယ်သာလန်က အကောင်းဆုံး ကစားသမားတွေနဲ့ အတူတကွ ကစားနေရတာပါ။ ဒါက ပမွှားလေးလို့ ပြောလို့ မရဘူးလေ ” လို့ ဆက်ပြောခဲ့တာဖြစ်ပါတယ်။
တင်ဘာဟာ အေဂျက်အသင်းရဲ့ အဓိက ခံစစ်မှူးအဖြစ် ပွဲထွက်နေရတာ ၂ ရာသီ ဆက်တိုက် ရှိနေခဲ့ပါပြီ။ ဒါကြောင့် ယူနိုက်တက်က သူ့ကို ခေါ်ယူလိုတယ်ဆိုရင် ပုံမှန် ပွဲထွက်ခွင့်အတွက် အာမခံချက်ပေးဖို့ လိုအပ်မှာဖြစ်တယ်။
ယူနိုက်တက်မှာက ကမ္ဘာစံချိန်တင်ကြေးနဲ့ ခေါ်ယူထားရတဲ့ မက်ဂွဲရားအပြင် ရီးရဲလ်မက်ဒရစ်မှာ တောက်ပခဲ့တဲ့ ဗာရန်းလည်း ရှိနေတာကြောင့် သူ့အတွက် ပွဲကစားခွင့်က မသေချာသလို တန်ဟက်ရဲ့ အသင်းဟာ လာမယ့်ရာသီ ယူရိုပါလိဂ်မှာပဲ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။