၂၀၂၁-၂၀၂၂ ဘောလုံးရာသီ အပြီးသတ်ခဲ့တဲ့နောက် ဒီရာသီရဲ့ ဘလွန်းဒီအောဆုကို ဘယ်သူရမလဲအတွက် နာမည်ကျော် Goal သတင်းဌာနက ရေပန်းစားမှုတွေကို ဖော်ပြသွားပါတယ်။ အဲ့ထဲက ထိပ်ဆုံး ၅ ဦးကို ဖော်ပြမှာဖြစ်ပါတယ်။
Ballon d’Or 2022 Power Rankings:
5.Kylian Mbappe (Paris Saint-Germain)
ဒီရာသီ ကိုယ်တိုင် ၄၈ ဂိုး သွင်းခဲ့သလို ဂိုးထောက်ပံ့မှု ၃၁ ကြိမ် လုပ်နိုင်ခဲ့တယ်။ ဘန်ဇီမာရဲ့ တစ်နိုင်ငံတည်းသား အသင်းဖော်ဟာ ယူအီးအက်ဖ်အေ နေးရှင်းလိဂ်ကို အနိုင်ရခဲ့သလို ကလပ်အဆင့်မှာ လီဂူးဝမ်းဖလား ရရှိခဲ့ပါတယ်။
အကယ်လို့ ချန်ပီယံလိဂ်မှာ ပီအက်စ်ဂျီက ခပ်စောစော ထွက်ခဲ့ရခြင်း မဟုတ်ဘူးဆိုရင်တော့ သူဟာ ဒီထက် ပိုမြင့်တဲ့ အဆင့်မှာ ရှိနေမှာပါ။ ကာတာမှာ ကျင်းပမယ့် ကမ္ဘာဖလားကို အနိုင်ရရင်တော့ ၂၀၂၃ မှာ ဘလွန်းဒီအောဆုအတွက် ရေပန်းစားပါလိမ့်မယ်။
4.Robert Lewandowski (Bayern Munich)
ဒီရာသီ ကိုယ်တိုင် ၅၆ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၁၁ ကြိမ် လုပ်နိုင်ခဲ့တဲ့ လီဝန်ဒေါစကီးဟာ ဘွန်ဒက်လီဂါနဲ့ DFL-Supercup ကို အောင်မြင်ခဲ့ပါတယ်။
တစ်ရာသီလုံး ခြေစွမ်းတည်ငြိမ်ခဲ့ပေမယ့် ချန်ပီယံလိဂ်မှာတော့ မျှော်လင့်ထားတာထက် ခပ်စောစော ထွက်ခွာခဲ့ရတယ်။ မကြာခင်မှာ နယ်မြေသစ်ထံ ထွက်ခွာမှုအဖြစ် ဘာစီလိုနာကို ရောက်နိုင်တဲ့ ပိုလန်တိုက်စစ်သမားဟာ ဘလွန်းဒီအောအတွက် ထိပ်တန်းစာရင်းမှာ ရှိနေဆဲဖြစ်ပါတယ်။
3.Mohamed Salah (Liverpool)
ဒီရာသီ ကိုယ်တိုင် ၃၃ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၁၃ ကြိမ် လုပ်နိုင်ခဲ့တဲ့ ဆာလာဟာ အက်ဖ်အေဖလားနဲ့ ကာရာဘောင်းတို့ကို အနိုင်ရခဲ့ပါတယ်။
ပထမရာသီဝက်မှာ ချွန်ထွက်နေတဲ့ ခြေစွမ်းတွေ ပြသခဲ့တဲ့ ဆာလာဟာ အာဖရိကပြိုင်ပွဲက ပြန်လာပြီးချိန်မှာ လက်ရွေးစင်အသင်း ကျဆုံးမှုနဲ့အတူ ယုံကြည်မှုကော ခြေစွမ်းကောင်းတွေပါ ပျောက်ဆုံးခဲ့ပါတယ်။ ဗိုလ်လုပွဲမှာ သူက hat-trick ရလောက်တဲ့ထိ ကြိုးစားခဲ့ပေမယ့် ကော်တိုအာကို လုံးဝ မကျော်ဖြတ်နိုင်ခဲ့ပါဘူး။
2. Sadio Mane (Liverpool)
ကိုယ်တိုင် ၂၉ ဂိုး သွင်းယူပြီး ဂိုးထောက်ပံ့မှု ၅ ကြိမ် လုပ်ထားနိုင်တဲ့ မာနေးဟာ အာဖရိကဖလား၊ အက်ဖ်အေဖလားနဲ့ ကာရာဘောင်းဖလားတို့ကို အနိုင်ရခဲ့ပါတယ်။
ချန်ပီယံလိဂ်ဗိုလ်လုပွဲ မတိုင်ခင် ဘလွန်းဒီအောဆုအတွက် ဘန်ဇီမာရဲ့ အဓိက ပြိုင်ဘက်ဆိုတဲ့ သုံးသပ်မှုတွေ ရခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်အတွင်း သူ့ရဲ့ ထူးချွန်မှုဟာ လက်ရွေးစင်အသင်းကို အာဖရိကဖလား အနိုင်ရရေးကော ကမ္ဘာဖလား ခြေစစ်ပွဲအောင်ဖို့ပါ အဆုံးအဖြတ်ဖြစ်ခဲ့ပါတယ်။
1. Karim Benzema (Real Madrid)
၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာ ကိုယ်တိုင် ၄၇ ဂိုး သွင်းယူပြီး ဂိုးထောက်ပံ့မှု ၁၅ ကြိမ် ပြုလုပ်ထားနိုင်သူဖြစ်ပါတယ်။ ချန်ပီယံလိဂ်၊ လာလီဂါ၊ ယူအီးအက်ဖ်အေ နေးရှင်းလိဂ်နဲ့ စပိန် စူပါဖလားတို့ကို အနိုင်ရထားပါတယ်။
အစောပိုင်းတုန်းက လီဗာပူးတိုက်စစ်သမားတွေဖြစ်တဲ့ ဆာလာ၊ မာနေးတို့နဲ့ အပြိုင်ဖြစ်မယ်လို့ သုံးသပ်ထားကြပေမယ့် ဘန်ဇီမာ ကိုင်မြှောက်ထားတဲ့ ဆုဖလားတွေအရ ဒီနှစ်ရဲ့ ဘလွန်းဒီအောဆုမှာ ပြင်သစ်သား တိုက်စစ်သမားက အပြတ်အသတ် အသာရဖို့ ရှိနေခဲ့ပါပြီ။