နောက်နှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို လီဗာပူးနဲ့ရအောင် တက်ပြမယ်ဆိုတဲ့ ယာဂင်ကလော့ပ်

ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဒုတိယအကြိမ်မြောက်အဖြစ် ရီးရဲလ်မက်ဒရစ်ကို အရေးနိမ့်ခဲ့တဲ့နောက် မန်နေဂျာကလော့ပ်က သူ့အသင်းသားတွေကို စိန်ခေါ်သွားခဲ့ပါတယ်။

ဘောလုံးရာသီ အဆုံးသတ်ပွဲအပြီးမှာ ကလော့ပ်က နောက်ရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ရောက်အောင် ထပ်သွားမယ်လို့ ဆိုခဲ့တာဖြစ်တယ်။ ပြင်သစ်ကွင်းမှာ ရီးရဲမက်ဒရစ်ကို ၁-၀ နဲ့ အရေးနိမ့်ခဲ့တဲ့ လီဗာပူးဟာ ၇ ကြိမ်မြောက် ချန်ပီယံလိဂ် အိပ်မက်ကို စွန့်လွှတ်ခဲ့ရပြီဖြစ်ပါတယ်။

ပွဲအပြီးမှာ ယာဂင်ကလော့ပ်က ” ဒီအခြေအနေမှာ အဝတ်လဲခန်းထဲ ဘယ်သူကမှ ကောင်းမွန်တဲ့ ဘောလုံးရာသီလို့ မခံစားရဘူး။ ဒီလိုမျိုး နာရီအနည်းငယ်လောက် အားလုံးအတွက် လိုပါတယ်။

သေးငယ်တယ်ဆိုတဲ့ပေမယ့် ဆုံးဖြတ်ချက် နှစ်ခုလောက်က ကျနော်တို့ကို ပြဿနာဖြစ်သွားစေခဲ့တာဖြစ်တယ်။ ကျနော်တို့ ပွဲကောင်းတစ်ပွဲ ကစားခဲ့တယ်။ ဒါပေမယ့် ပြည့်စုံတဲ့ပွဲ မဟုတ်ဘူး။ ခံစစ်ကို သိပ်သိပ်သည်းသည်း အခြေတည်ထားတဲ့ ပြိုင်ဘက်ကို ရင်ဆိုင်ကစားဖို့ ကောင်းမွန်တဲ့ပွဲ မဟုတ်ခဲ့ဘူး။

ကျနော်တို့ ဂိုးပေါက် ခြိမ်းခြောက်မှု အများကြီး လုပ်ခဲ့ပေမယ့် အရှင်းလင်းဆုံး ကန်ချက်တွေ မဟုတ်ခဲ့ဘူး။ ကော်တိုအာက နှစ်ကြိမ်လောက် ကာကွယ်ခဲ့တယ်။ ကျနော်တို့က လက်မြောက်ဘောကနေ ဂိုးပေးလိုက်ရတယ်။ ဗယ်ဗာဒီ ပေးချက်ကို ပိတ်ဖို့ ဗင်နီးဆီးယက်က ရှိနေခဲ့ပါတယ်။

ခံစားချက်က မတူပါဘူး။ ဖိုင်နယ်ရောက်ဖို့က သိပ်မဆိုးခဲ့ဘူး။ အောင်မြင်မှုတစ်ခုလိုပါပဲ။ ကိုယ်အောင်မြင်လိုတဲ့ အနေအထားတော့ မရလိုက်ပါဘူး။ ကျနော်တို့အသင်း ထပ်ပြီး လာနိုင်ဦးမယ်လို့ ယုံကြည်ချက်ရှိပါတယ်။

ဒီကောင်လေးတွေက အရမ်းကို ပြိုင်ဆိုင်မှု ပြင်းထန်ပါတယ်။ အတူတကွနဲ့ သိပ်ကောင်းတဲ့ လူစာရင်းဖြစ်ပါတယ်။ နောက်ရာသီမှာလည်း ကျနော်တို့က သိပ်ကောင်းတဲ့ အစုအဖွဲ့ဖြစ်နေမှာပါ။ နောက်ရာသီ ချန်ပီယံလိဂ် ဘယ်မှာ ကစားမှာလဲ? အစ္စတန်ဘူလ်လား? ဟိုတယ်ဘွတ်ကင် ကြိုလုပ်ထားကြပါ ” လို့ စိန်ခေါ်သွားတာပဲ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ပဲရစ်မှာ ဂိုးပေါက် ၂၄ ကြိမ် ကန်သွင်းခဲ့ပြီး ၉ ကြိမ် ဂိုးပေါက်တည်ခဲ့ပေမယ့် မက်ဒရစ်ကတော့ ဂိုးကန်သွင်းချက် ၄ ကြိမ်ပဲ လုပ်နိုင်ခဲ့တာဖြစ်တယ်။ ဒါပေမယ့် လီဗာပူးရဲ့ ကန်ချက် ၉ ကြိမ်လုံးကို ကော်တိုအာက ကာကွယ်ခဲ့တာပဲ ဖြစ်ပါတယ်။