ဒီနှစ်က သူတို့နှစ်လို့ အပိုင်တွက်ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲအတွက် မိသားစုလိုက် လက်မှတ် ဝယ်ထားတဲ့ PSG ပိုင်ရှင်

ဒီကနေ့ည ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ရောက်နိုင်မယ့် အသင်းနှစ်သင်းထဲမှာ ပီအက်စ်ဂျီအသင်း သေချာပေါက် ပါမယ်လို့ ကာတာပိုင်ရှင်တွေက အပိုင်တွက်ထားခဲ့ပါတယ်။

မက်ဆီကို ခေါ်ယူထားနိုင်မှုနဲ့အတူ ဒီရာသီကို အများကြီး မျှော်လင့်ထားတဲ့ ကာတာ Emir မိသားစုဟာ လက်မှတ်ရဖို့ ခက်ခဲတဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကိုအတွက် ကြိုတင် ပြင်ဆင်တဲ့ အနေနဲ့ မိသားစု တစ်ခုလုံးအတွက် လက်မှတ်တွေ ဝယ်ယူထားခဲ့တာပါ။ ဒါပေမယ့်လို့ ပီအက်စ်ဂျီက ၁၆ သင်းအဆင့်မှာတင် ရီးရဲလ်မက်ဒရစ်ကို အရေးနိမ့်ပြီး ထွက်ခွာခဲ့ရပါတယ်။

၂၀၂၂ ခုနှစ် မေလ ၂၈ နေ့မှာ ယှဉ်ပြိုင်ကစားမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို မူလတုန်းက ပရိသတ်ပေါင်း ၆၈၀၀၀ ဝင်ဆံ့တဲ့ ရုရှားနိုင်ငံ စိန့်ပီတာဘက်ခ်မြို့က Gazprom Arena ကွင်းမှာ ပြုလုပ်ဖို့ စီစဉ်ခဲ့တာပါ။ ဒါပေမယ့်လို့ ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်မှုကြောင့် ကွင်းပြောင်းကစားဖို့ ဖြစ်လာခဲ့ပါတယ်။

ယူအီးအက်ဖ်အေက ၂၀၂၂ ခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ပြင်သစ်နိုင်ငံက Stade de France ကွင်းမှာ ပြောင်းလဲ ယှဉ်ပြိုင်ဖို့ ရွေးချယ်ခဲ့တယ်။ ပီအက်စ်ဂျီအသင်း အခြေစိုက်ရာ ပဲရစ်မှာပဲ ရှိတဲ့ အဆိုပါကွင်းဟာ ပြင်သစ်ဘောလုံးအသင်းရဲ့ အိမ်ကွင်းလည်းဖြစ်တဲ့ Stade de France ဟာ ပရိသတ်ပေါင်း ၈၀၀၀၀ ကျော် ဝင်ဆံ့တဲ့ ကွင်းဖြစ်ပါတယ်။

ကာတာမိသားစုဝင်တွေဟာ ဒီကနေ့ည ပဲရစ်မှာ ယှဉ်ပြိုင်မယ့် လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ် ပွဲမှာတော့ အထူးပွဲကြည့်စင်ကနေ မူလ အစီအစဉ်အတိုင်း တက်ရောက် အားပေးကြမှာဖြစ်တယ်။ ပီအက်စ်ဂျီအသင်း မပါဝင်ပေမယ့်လို့ ဥရောပရဲ့ အခမ်းနားဆုံးပွဲကို တက်ရောက် ကြည့်ရှုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

မကြာသေးခင်ကပဲ ဘာပေးကို လက်မှတ်ထိုးရေးမှာ ပြင်သစ်ကလပ်နဲ့ လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်ကြား ထိပ်တိုက်တွေ့ခဲ့မှုအရ ကာတာပိုင်ရှင်တွေဟာ ဗိုလ်လုပွဲညမှာ ရီးရဲလ်မက်ဒရစ်ကို အားပေးကြဖွယ်တော့ မရှိပါဘူး။ ဒါပေမယ့် ဘာပေးကတော့ ရီးရဲလ်အသင်းကို အားပေးနေမှာပါလို့ ထုတ်ပြောထားခဲ့တာဖြစ်တယ်။

ပီအက်စ်ဂျီနဲ့ လက်မှတ်ထိုးမယ်လို့ အတည်ပြုအပြီးမှာ ဘာပေးကပဲ တွစ်တာကနေတစ်ဆင့် ” ကျနေ်ာကတော့ ရီးရဲလ်မက်ဒရစ်နဲ့ ဖလော်ရန်တီနို ပီရက်ဇ်ကို ကျေးဇူးတင်ချင်ပါတယ်။ သူတို့ ကျနော့်ကြောင့် စိတ်ပျက်နေကြမယ် ထင်ပါတယ်။

ဒါပေမယ့် ကျနော့် မြို့၊ ပဲရစ်မှာ ကန်မယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ကျနော်က သူတို့ရဲ့ ပထမဦးဆုံး ပရိသတ် အဖြစ် စောင့်ကြိုနေမှာပါ။ ဒီလို ထိပ်တန်းအဆင့် ပွဲစဉ် တစ်ခုမှာ ပါဝင်ခွင့် ရဖို့က ကံတရားလည်း ပါတယ် ဆိုတာ ကျနော် သိလိုက်ပါတယ်။ ” လို့ ထုတ်ဖော် ရေးသားသွားခဲ့ပါတယ်။