ဒီညပွဲမှာ သူ့အသင်းဖော်ဟောင်း တစ်ဦးရှိရင် ရီးရဲလ်မက်ဒရစ် နိုင်ပြီလို့ ဂန္တဝင်ကြီး ရော်ဘတ်တို ကားလိုစ့် ထုတ်ပြော

ရီးရဲလ်မက်ဒရစ် ဂန္တဝင်ကြီး ကားလိုစ့်က ဒီကနေ့ည ချန်ပီယံလိဂ်ဖိုင်နယ်မှာ သူ့အသင်းဖော်ဟောင်း တစ်ဦးကို မက်ဒရစ်အတွက် ရှိစေချင်တယ်လို့ ထုတ်ပြောခဲ့ပါတယ်။

၁၉၉၈ ခုနှစ်၊ ၂၀၀၀ ခုနှစ်နဲ့ ၂၀၀၂ ခုနှစ်တွေမှာ ရီးရဲလ်မက်ဒရစ်နဲ့အတူ ချန်ပီယံလိဂ်ဖလား အောင်မြင်ခဲ့တဲ့ ဘောလုံး ဂန္တဝင်ကြီးကပဲ လီဗာပူးလို အင်္ဂလန်အသင်းကို ရင်ဆိုင်ရာမှာ ရီးရဲလ်မက်ဒရစ်ကို ရလဒ်ကောင်းထွက်စေမယ့် အကောင်းဆုံး အသင်းဖော်ဟောင်းကို ရွေးထုတ်ခဲ့တယ်။

” ရာအူးပေါ့ ” လို့ ဘရာဇီး ဂန္တဝင်ကြီးက ပြောပါတယ်။ ဒီတော့ ဇီဒန်းတို့ ဘက်ခမ်းတို့ ဖီဂိုတို့ကို ကျော်ပြီး ဘာလို့ ရာအူးကို ရွေးချယ်ရသလဲကို ကားလိုစ့်ကြီးက ” အင်္ဂလန်ကလပ်တွေကို ရင်ဆိုင်ပြီး ဘယ်လိုကစားရမယ်ဆိုတာကို ရာအူးက ကောင်းကောင်းသိလို့ပါ ” ဆိုပြီး ပြောပြပါတယ်။

ကားလိုစ့်က ဆက်ပြောရာမှာ ” ရာအူးက ခံစစ်သမားတွေန့ တစ်ဦးချင်း ယှဉ်ပြိုင် တိုက်ခိုက်နိုင်တယ်။ ဒီတော့ ဥပမာပြောရင် ဗန်ဒိုက်ကို သူရင်ဆိုင်နိုင်ပါလိမ့်မယ်။ သိပ်ကောင်းတဲ့ တိုက်ခိုက်မှု ဖြစ်လာလိမ့်မယ်။ အဲ့တာမျိုး မြင်ချင်ပါတယ် ” လို့ဖြစ်ပါတယ်။

ဒီပွဲဟာ ကမ္ဘာအကောင်းဆုံး မန်နေဂျာတွေဖြစ်တဲ့ ယာဂင်ကလော့ပ်နဲ့ အန်ဆယ်လော့တီတို့ ထိပ်တိုက်တွေ့တဲ့ ပွဲစဉ်ဖြစ်ပါတယ်။ နှစ်ဦးလုံးကို ကားလိုစ့်က အထင်ကြီးပေမယ့် သူ့အသင်းဟောင်း ရီးရဲလ်မက်ဒရစ်ဟာ ခက်ခဲတဲ့ ပြိုင်ဘက်တွေကို ရင်ဆိုင်လာရတာမို့ ဒီပွဲအတွက် ယုံကြည်ချက်ရှိနေမယ်လို့ ဆိုပါတယ်။

ပွဲနဲ့ ပတ်သက်လို့ ကားလိုစ့်က ” သိပ်ကောင်းတဲ့ မန်နေဂျာနှစ်ယောက်ပါ။ သူတို့ရဲ့ ကစားဟန်တွေကို စောင့်ကြည့်ရမှာက သိပ်ကို စိတ်ဝင်စားဖို့ ကောင်းပါမယ်။ မန်နေဂျာတစ်ဦးချင်းက ကိုယ်ပိုင် အယူအဆတွေ ရှိထားကြတယ်။ ဒီတော့ အကောင်းဆုံးအဖြစ် ထွက်ပေါ်လာမယ့်သူ တစ်ဦးကို စောင့်ကြည့်ကြတာပေါ့။

သိပ်ကို ခက်ခဲတဲ့ပွဲဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ကျနော် ရီးရဲလ်မက်ဒရစ်ကို ယုံကြည်ပါတယ်။ သူတို့ အကောင်းဆုံး လုပ်နိုင်မှာပါ။ ဘာလို့လဲဆိုတော့ သူတို့က ဗိုလ်လုပွဲပေါင်း များစွာကို ကစားထားနိုင်ပါတယ်။

သူတို့က ဒီအဆင့်ကို ရောက်ဖို့ အသင်းကြီးတွေကို ကျော်ဖြတ်လာရတာပါ။ ပီအက်စ်ဂျီ၊ ချယ်ဆီးနဲ့ မန်စီးတီးတို့ပေါ့။ ဒီတော့ ဒါကပဲ သူတို့ လုပ်နိုင်မယ်လို့ ပိုပြီး ယုံကြည်နေတာဖြစ်ပါလိမ့်မယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။