ရီးရဲလ်က ကံကောင်းလို့ ဗိုလ်လုပွဲ ရောက်လာတာ ဆိုတဲ့ ကာရေဂါ၊ ဒါလည်း လီဗာပူး ရှုံးမှာပဲ ဆိုတဲ့ ဂယ်ရီနဗီး

စကိုင်းစပေါ့ရဲ့ The Overlap ပရိုဂရမ်မှာ ကာရေဂါနဲ့ ဂယ်ရီနဗီးတို့ဟာ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲအတွက် ဆွေးနွေးသုံးသပ်မှု လုပ်ခဲ့ကြပါတယ်။

၂၀၀၅ ချန်ပီယံလိဂ်ဖလား အနိုင်ရ လီဗာပူးကစားသမားဟောင်း ကာရေဂါကတော့ ဒီပွဲမှာ လီဗာပူးနိုင်မယ်လို့ ယုံကြည်ချက်ရှိနေပါတယ်။ မက်ဒရစ်ဟာ အသင်းကောင်းတွေကို အနိုင်ယူလာပေမယ့် ပွဲတွေမှာ အနိုင်ယူခံရနိုင်တဲ့ အခိုက်အတန့်တွေ မကြာခဏ ရှိခဲ့တာ ဖြစ်ပါတယ်။

ကာရေဂါက ” ဒီရာသီ ချန်ပီယံလိဂ်မှာ ရီးရဲလ်မက်ဒရစ်ပွဲတွေကို ကြည့်ရပါတယ်။ ဒီရာသီ ပြိုင်ပွဲစုံမှာ လီဗာပူးအသင်း ရှုံးခဲ့တဲ့ ပွဲထက်တောင်မှ ချန်ပီယံလိဂ်မှာ ရီးရဲလ်မက်ဒရစ် အရေးနိမ့်တဲ့ပွဲက ပိုများပါသေးတယ်။

ရီးရဲလ်မက်ဒရစ်က အသင်းကောင်းပါ ဒါပေမယ့် မန်စီးတီးပွဲမှာ သူတို့ မကောင်းပါဘူး။ ချယ်ဆီးပွဲမှာလည်း သူတို့ ကောင်းခဲ့တယ် မထင်ဘူး။ မက်ဒရစ်က နှစ်သင်းလုံးကို အနိုင်ရပေမယ့်လို့ပေါ့။

ပွဲတွေမှာ အနိုင်ရနေတာနဲ့ နောက်က ပြန်လိုက်ကစားရတာ နှစ်မျိုးရှိပေမယ့် သူတို့ကတော့ အဲ့ပွဲတွေမှာ ကံကောင်းခဲ့ပါတယ်။ ပွဲတိုင်းမှာ နောက်ဆုံးမိနစ် သွင်းဂိုးတွေနဲ့ နောက်က ပြန်လိုက်ကစားနိုင်ခဲ့တယ်။ အချိန်တိုင်းတော့ အဲ့လို အနေအထားကို ရနေမှာ မဟုတ်ပါဘူး။

မန်စီးတီးက ပိုကောင်းကောင်း လုပ်ခဲ့သင့်တယ်။ သူတို့ ဆီမီးဖိုင်နယ်တုန်းက ပထမအကျော့ အိမ်ကွင်းပွဲမှာ ၆-၂ လောက်နဲ့ နိုင်ခဲ့သင့်တယ်။ နောက်ပြီး ချယ်ဆီးကလည်း မက်ဒရစ် အိမ်ကွင်းမှာ ၃-၀ လောက်နဲ့ နိုင်သင့်ပါတယ်။

မန်စီးတီးဖြစ်ဖြစ် လီဗာပူးဖြစ်ဖြစ် ရီးရဲလ်နဲ့ အခုလို တစ်ပွဲတည်း အဆုံးအဖြတ်ပွဲ ကစားရမယ်ဆိုရင် သူတို့ရဲ့ အကောင်းဆုံး ခြေစွမ်းတွေအရ ဒီအသင်းတွေကပဲ အနိုင်ရမယ်လို့ ကျနော်ကတော့ ယုံကြည်ချက် ရှိပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဆွေးနွေးငြင်းခုံမှုဖြစ်လို့ လီဗာပူးကို ဘက်ကန်ဖို့ကိုလည်း သုံးသပ်ရာမှာ ဂယ်ရီနဗီးက လီဗာပူး ဘာလို့ အနိုင်မရနိုင်သလဲကို ပါဝင် ဆွေးနွေးသွားပါတယ်။ သူကတော့ ရီးရဲလ်မက်ဒရစ်ရဲ့ အတွေ့အကြုံ ရင့်ကျက်တဲ့ ကွင်းလယ်က လီဗာပူးကို လွှမ်းမိုးမယ်လို့ မြင်ပါတယ်။

ဂယ်ရီနဗီးက ” ချန်ပီယံလိဂ်ဖလားကို လီဗာပူးအသင်း အနိုင်ရမယ်လို့ မထင်ပါဘူး။ ပဲရစ်က ဖိုင်နယ်ပွဲကို အတော်လေး တွေးမိပြီး မက်ဒရစ်က ဘာလို့ ပွဲတွေကို နိုင်တာလဲ။ ဘာလို့ နောက်ကနေ ပြန်လိုက်ကစားနိုင်တာလဲ တွေးမိတယ်။

၁၉၉၉ တုန်းက ကျနော်တို့ကလည်း နောက်ကနေ လိုက်ကစားပြီး အနိုင်ရခဲ့တယ်။ ကွင်းလယ်မှာ ရွိုင်ကိန်း၊ နီကီဘတ်၊ ပေါလ်စခိုး၊ ရွိုင်ယန်ဂစ်နဲ့ ဒေးဗစ်ဘက်ခမ်းတို့ ရှိပါတယ်။ ကျနော် မြင်ဖူးသလောက် သူတို့က သိပ်ကောင်းတဲ့ ကစားသမားတွေပါ။

ရီးရဲလ်မက်ဒရစ် ကွင်းလယ်မှာ ကက်စမဲရိုး၊ ခရုစ်၊ မိုဒရစ်အပြင် ဗယ်ဗာဒီ၊ ကာမာဗင်ဂါတို့ ရှိနေပါတယ်။ ဒီကွင်းလယ် ၅ ယောက်က နောက်ဆုံးမိနစ်ထိ အသင်းကို မောင်းနှင်နိုင်တယ်။

လီဗာပူးကွင်းလယ်က သူတို့အသင်းရဲ့ အားနည်းချက်ပဲ ရီးရဲလ်မက်ဒရစ်ရဲ့ ကွင်းလယ်က နောက်ဆုံး ၁၅ မိနစ်အတွင်းမှာ သူတို့ ၅ ဦး ပေါင်းစပ်မှုနဲ့ ဘာလုပ်ပြမလဲဆိုတာ စနေနေ့မှာ ကြည့်ကြတာပေါ့ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။