ပဲရစ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ပွဲကြို သုံးသပ်သွားတဲ့ ဘရာဇီး ဂန္တဝင်ကြီး ရော်နယ်ဒင်ဟို

ဘရာဇီး အကျော်အမော်ဟောင်း ရော်နယ်ဒင်ဟိုက ဒီအပတ်မှာ ယှဉ်ပြိုင်ကြမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲအတွက် ပွဲကြို သုံးသပ်မှု အသေးစားလေး ပြုလုပ်သွားပါတယ်။

ပီအက်စ်ဂျီ ကစားသမားဟောင်းဟာ ဒီနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကျင်းပမယ့် ပြင်သစ်ကွင်းမှာ ချန်ပီယံလိဂ်ဖလား ကိုင်မြှောက်ခဲ့ဖူးသူပါ။ ၂၀၀၆ တုန်းက ဘာစီလိုနာအသင်းနဲ့အတူ အာဆင်နယ်ကို အနိုင်ယူရင်း ရော်နယ်ဒင်ဟိုက ချန်ပီယံလိဂ်ဖလား အောင်မြင်ခဲ့တာဖြစ်ပါတယ်။

ဘရာဇီးအသင်းနဲ့ ကမ္ဘာဖလား ချန်ပီယံဟောင်းလည်းဖြစ်တဲ့ ဒင်ဟိုက ဒီနှစ်မှာ လာလီဂါကလပ်နဲ့ ပရီးမီးယားလိဂ်ကလပ်တို့ တွေ့ဆုံနေတဲ့ ဗိုလ်လုပွဲပွဲဟာ သိပ်ကို လှပတဲ့ ပွဲကောင်းဖြစ်မယ်လို့ မြင်ပါတယ်။

ရော်နယ်ဒင်ဟိုက “ လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ်တို့က အနိုင်ရဖို့အတွက် နောက်ဆုံး မိနစ်ထိ တိုက်ပွဲဝင်တဲ့ နေရာမှာ တူညီတဲ့ အသင်းတွေဖြစ်ပါတယ်။ ဒီပွဲက သွင်းဂိုးတွေနဲ့အတူ သိပ်ကိုလှပတဲ့ ဗိုလ်လုပွဲဖြစ်လာဖို့ မျှော်လင့်ထားပါတယ်။

ဒီရာသီ ခက်ခဲ့တဲ့ အခြေအနေတွေကနေ ရီးရဲလ်မက်ဒရစ်က စိတ်ဓါတ်ကောင်းတွေနဲ့ ပြန်လာပြထားတယ်။ ဒါပေမယ့် လက်ရှိ ခြေစွမ်းတွေအရ ပွဲအစမှာတင် လီဗာပူးက ဂိုးသွင်းနိုင်မယ်ဆိုရင် သူတို့ အံ့အားသင့်သွားနိုင်ပါတယ်။

ခံစစ်ပိုင်းအရ လီဗာပူးက အတွေ့အကြုံကောင်းတွေ ရှိနေတဲ့အသင်းဖြစ်တယ်။ အခြားအသင်းတွေ လုပ်ခဲ့တဲ့ အမှားလိုမျိုး လီဗာပူးက လုပ်မိလိမ့်မယ်လို့ မထင်ပါဘူး ” လို့ သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီရာသီမှာ ရီးရဲလ်မက်ဒရစ် တိုက်စစ်သမား ဘန်ဇီမာနဲ့ လီဗာပူးအသင်းမှ ဆာလာ၊ မာနေးတို့ဟာ ဘလွန်းဒီအောဆုအတွက် ရေပန်းစားနေကြတာပါ။ ဒါပေမယ့် ချန်ပီယံလိဂ်ဖလား အနိုင်ရတဲ့ ကစားသမားကပဲ ဘလွန်းဒီအောအတွက် ပိုပြီး ရေပန်းစားမယ်လို့ မြင်ထားပါတယ်။

ဘလွန်းဒီအောဆုနဲ့ ပတ်သက်လို့ ရော်နယ်ဒင်ဟိုက ” ပြောရခက်ပါတယ်။ ဘန်ဇီမာက သိပ်ကောင်းတဲ့ ဘောလုံးရာသီကို ပိုင်ဆိုင်ထားတယ်။ ဆာလာကော နောက်ပြီး ဘာပေးကောပါပဲ။

ဒီရာသီမှာ မယုံနိုင်စရာကောင်းအောင် ထူးချွန်တဲ့ ကစားသမားတစ်ဦး ရှိနိုင်တယ်ဆိုပေမယ့် ပုံမှန်အားဖြင့် ပိုကြီးမားတ့ ဆုဖလားပြိုင်ပွဲတွေကို အနိုင်ရသူက တစ်ဦးချင်း ထူးချွန်ဆုတွေအတွက် ပိုပြီး ရေပန်းစားလေ့ရှိပါတယ်။

ဗိုလ်လုပွဲကို ရောက်နေတဲ့ နှစ်သင်းရဲ့ ကစားသမားတွေက ဘလွန်းဒီအောအတွက် ပိုပြီး အခွင့်အရေးများပါလိမ့်မယ် ” လို့ ဆိုခဲ့သေးတာ ဖြစ်ပါတယ်။