လာလီဂါနဲ့ ရီးရဲလ်မက်ဒရစ်တို့ ကြိုးဆွဲရာကမှာ မဟုတ်ဘူးလို့ သတိပေးလိုက်တဲ့ ယူအီးအက်ဖ်အေ အကြီးအကဲ

ယူအီးအက်ဖ်အေ အကြီးအကဲ ဆီဖာရင်က ဘာပေးရဲ့ စာချုပ်သစ်ကိစ္စမှာ ပီအက်စ်ဂျီဘက်က ရပ်တည်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်ရဲ့ စောဒကတက်မှုကို တုန့်ပြန်ခဲ့ပြီဖြစ်ပါတယ်။

ဘာပေးဟာ ဒီနွေမှာ ရီးရဲလ်မက်ဒရစ်နဲ့ သဘောတူညီထားခဲ့ပြီးမှ ပီအက်စ်ဂျီနဲ့ သက်တမ်းတိုးဖို့ ရွေးချယ်သွားတာပါ။ ဒါနဲ့ ပတ်သက်လို့ မက်ဒရစ်ဘက်က ပေါက်ကွဲခဲ့သလို လာလီဂါ တာဝန်ရှိသူတွေကပါ ဥရောပဘောလုံးရဲ့ စီပွားရေးဆိုင်ရာ တည်ငြိမ်မှုကို ဖောက်ဖျက်မှုအဖြစ် ယူအီးအက်ဖ်အေထံ တရားဝင် တိုင်ကြားမှု ပြုလုပ်ခဲ့သေးတာဖြစ်ပါတယ်။

ဒါပေမယ့်လို့ ဆီဖာရင်ကတော့ ဘာပေးအတွက် ပီအက်စ်ဂျီကော၊ ရီးရဲလ်မက်ဒရစ်ပါ တူညီတဲ့ စာချုပ်တွေဖြင့် ကမ်းလှမ်းခဲ့ကြတာဖြစ်တယ်လို့ တုန့်ပြန်ခဲ့တယ်။ ဘာပေးကို အပြိုင်ဆွယ်ရာမှာ ကျရှုံးခဲ့တဲ့ စပိန်ဘက်ကိုတော့ ယူအီးအက်ဖ်အေကို ဘာလုပ်ပါ ညာလုပ်ပါ လာပြီး တွန်းအားမပေးနဲ့လို့ သတိပေးခဲ့ပါတယ်။

BBC Sport နဲ့ အင်တာဗျူးမှာ ယူအီးအက်ဖ်အေ ဥက္ကဋ္ဌ ဆီဖာရင်က ပီအက်စ်ဂျီဟာ FFP စည်းမျဉ်းတွေအတိုင်း အလုပ်လုပ်နေတယ်လို့ ဆိုခဲ့တယ်။ ဘာပေး ကိစ္စအတွက် ဥရောပဘောလုံး အာဏာပိုင်တွေဟာ မည်သည့် အရေးယူမှုမှ ပြုလုပ်မှာ မဟုတ်ပါဘူး။

ဆီဖာရင်က ” ကျနော်တို့ရဲ့ စည်းမျဉ်း စည်းကမ်းတွေကို လေးစားသူတိုင်းကို ကျနော်တို့ရဲ့ ပြိုင်ပွဲတွေကနေ ကြိုဆိုသွားမှာပါ။ စည်းမျဉ်းတွေကို မလေးစားရင်တော့ ပါဝင်ရမှာ မဟုတ်ပါဘူး။ ရီးရဲလ်မက်ဒရစ် မကလို့ ဘယ်သူပဲဖြစ်ဖြစ် ယူအီးအက်ဖ်အေကို ဘာလုပ်ပါဆိုပြီး လာပြောနေလို့ မရပါဘူး။

သူတို့က သူတို့ဘက်က အမြင်တွေကို လာပြောနေပေမယ့် ကျနော် သိထားသလောက်က ပီအက်စ်ဂျီဘက်က ကမ်းလှမ်းခဲ့တာဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ကမ်းလှမ်းမှုနဲ့ တူတူပါပဲ ” လို့ ဆိုခဲ့တာဖြစ်တယ်။

ကလပ်နှစ်သင်းလုံးက ဘာပေးကို လက်မှတ်ထိုးကြေးအဖြစ် ယူရို သန်း ၁၅၀ စီ ပေးကြမှာဖြစ်ပေမယ့် ပုံရိပ်အသုံးပြုမှုမှာ ရီးရဲမက်ဒရစ်ရဲ့ ၅၀-၅၀ ထက် ပိုကောင်းတဲ့ ကမ်းလှမ်းမှုကို ပီအက်စ်ဂျီဘက်က ပေးခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီမှာ ဘာပေးဟာ အခွန်ဆောင်အပြီး တစ်နှစ်ကို ယူရို သန်း ၁၀၀ ခန့်ရှိမယ့် မြင့်မားတဲ့ လုပ်ခကို ရရှိမှာဖြစ်ပါတယ်။

စပိန်ဘက်ကတော့ ပီအက်စ်ဂျီဟာ ကပ်ဘေးကြောင့် ဝင်ငွေ ဆုံးရှုံးမှုတွေ ရှိခဲ့တဲ့ကြားက အခုလို ယူရို သန်းရာနဲ့ချီ ကုန်ကျနိုင်တဲ့ လက်မှတ်ထိုးမှု လုပ်နိုင်ခဲ့ပြီး FFP စည်းမျဉ်းအရ အရေးယူမှုတွေ ထွက်မလာခြင်းကို ဒေါသထွက်နေတာဖြစ်ပါတယ်။