လီဗာပူးရဲ့ အားနည်းချက်ကို ထောက်ပြတဲ့ ကာဗာဂျယ်၊ လီဗာပူးထက် ရီးရဲလ်က သာတယ် ဆိုတဲ့ ကော်တိုအာ

ပဲရစ်မှာ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ပြိုင်ဘက် လီဗာပူးအသင်းနဲ့ ပတ်သက်လို့ အစွန်သမား ကာဗယ်ဂျယ်နဲ့ ဂိုးသမား ကော်တိုအာတို့က ပွဲကြို သုံးသပ်မှုတွေ လုပ်သွားခဲ့ပါတယ်။

ကာဗာဂျက်က လီဗာပူးရဲ့ အန္တရာယ်ပေးနိုင်တဲ့ တိုက်စစ်သမား ၃ ဦးကို ဟန့်တားနိုင်ရင် ပြဿနာ အများအပြားကို ဖြေရှင်းနိုင်မှု ဖြစ်လိမ့်မယ်လို့ ယူဆထားတယ်။ လီဗာပူး တိုက်စစ်သမားတွေကို ကိုင်တွယ်နိုင်ခြင်းဟာ ပွဲအတွင်း အရေးပါတဲ့ ကိစ္စဖြစ်လိမ့်မယ်လို့ သူကမြင်ပါတယ်။

ချန်ပီယံလိဂ် ဗိုလ်လုပွဲ ပြိုင်ဘက်နဲ့ ပတ်သက်လို့ ရီးရဲလ်မက်ဒရစ် ဝဘ်ဆိုဒ်ကို ပြောရာမှာ ကာဗာဂျယ်က “ သူတို့ ရထားတဲ့ ကစားသမား ၃ ယောက်က သိပ်ကို မြန်ပါတယ်။ သူတို့အတွက် ကျနေ်ာတို့ အတော်လေး စိုးရိမ်နေရလိမ့်မယ်။

ဒါပေမယ့် ခံစစ်ပိုင်းမှာတော့ သူတို့ရဲ့ တိုက်စစ်လိုင်းကို ကျနော်တို့ ကာကွယ်နိုင်ရင် လီဗာပူးပေးလာမယ့် ပြဿနာတွေကို ကျနော်တို့ ဖြေရှင်းနိုင်လိမ့်မယ်။ ဒါကပဲ ပွဲကို အဆုံးအဖြတ်ပေးမယ့် အရေးပါတဲ့ သော့ချက်တွေထဲက တစ်ခု ဖြစ်လာပါလိမ့်မယ် ” ဆိုပြီး ပြောခဲ့တယ်။

ရီးရဲလ်မက်ဒရစ်နဲ့အတူ ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ရောက်လာခဲ့တဲ့ ဂိုးသမား ကော်တိုအာကလည်း ဒီပွဲအတွက် အတော်လေး စိတ်လှုပ်ရှားနေတယ်။ လာလီဂါဖလားကို ခပ်စောစော ကိုင်မြှောက်ထားနိုင်တာကြောင့် ဒီပွဲအတွက် သူတို့အသင်း ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်နေတာက အသာစီးရမှုလို့လည်း ဂိုးသမားက မြင်ပါတယ်။

ကော်တိုအာက “ ဒါက ရီးရဲလ်မက်ဒရစ်နဲ့အတူ ကျနော်ရဲ့ ပထမဆုံးသော ဖိုင်နယ်ဖြစ်ပါတယ်။ ကျနော် အတော်လေး စိတ်လှုပ်ရှားနေတယ်။ အရမ်းကောင်းကောင်း ခံစားနေရပြီး အနိုင်ရဖို့ မျှော်လင့်ထားပါတယ်။

လီဗာပူးက အသင်းကောင်းဖြစ်ပါတယ်။ သူတို့က ဖိအားပေးမှုတွေနဲ့အတူ ပြင်းပြင်းထန်ထန်၊ တိုက်လိုက်လိုစိတ်နဲ့ ကစားပါတယ်။ သူတို့ရဲ့ ကစားသမားတွေက သိပ်ကို အရှိန်ကောင်းကြတယ်။ ဒါပေမယ့် ဗိုလ်လုပွဲကတော့ ဘာမဆို ဖြစ်သွားနိုင်ပါတယ်။

ဒီပွဲကို ကျနော်တို့က ပိုကောင်းတဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ ယှဉ်ပြိုင်မှာပါ။ အသင်းဖော်တိုင်းက နောက်ဆုံး မိနစ်ထိ အရာအားလုံး ပေးဆပ်ကြမှာ ဖြစ်ပါတယ်။ အဲ့တာကပဲ ကျနော်တို့ကို အနည်းငယ် အသာစီးရစေမယ် ထင်ပါတယ်။ ဒါပေမယ့် ပြင်းပြင်းထန်ထန် အားထုတ်ပြီး ပွဲအဆုံးထိ တိုက်ခိုက်ဖို့ ပြင်ဆင်ထားရပါမယ် ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ် ဗိုလ်လုပွဲဟာ ဒီလ ၂၈ ရက်ဖြစ်တဲ့ စနေနေ့ည ပဲရစ်မှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။