ချန်ပီယံလိဂ် ဗိုလ်လုပွဲအတွက် အဘက်ဘက်က ပြင်ဆင်နေတဲ့ Mentality Monsters လီဗာပူး

ပရီးမီးယားလိဂ်ရဲ့ စိတ်ဓါတ် အပြင်းပြဆုံး အသင်းအဖြစ် ယာဂင်ကလော့ပ်နဲ့အတူ တောက်ပလာတဲ့ လီဗာပူးဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲအတွက် တတ်နိုင်သလောက် အရာအားလုံးအတွက် ပြင်ဆင်နေပြီဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ဦးဆောင်ကလပ်နှစ်သင်းထဲကမှ ပြင်းထန်တဲ့ စိတ်ဓါတ်ပိုင်း၊ အရှိန်အဟုန်နဲ့ ပွဲတွေကို ချဉ်းကပ်လေ့ရှိတဲ့ လီဗာပူးအသင်းဟာ ဗိုလ်လုပွဲ အကြိုမှာ Mentality Monsters တွေအဖြစ် ကျော်ကြားတဲ့ အသင်းလိုက် စိတ်ဓါတ်ပိုင်း ခိုင်မာမှုအတွက်ကိုပဲ အသားပေး လေ့ကျင့်နေတာပါ။

လီဗာပူးကြယ်ပွင့်တွေဟာ ဦးနှောက်ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်တဲ့ ကရိယာတွေ တပ်ဆင်ပြီး ဗိုလ်လုပွဲအတွက် ပြင်ဆင်နေတာပါ။ နည်းပညာ အကူအညီနဲ့အတူ ဦးနှောက်ဆင်ဆာတွေကို အသုံးပြုခြင်းက အလေးအနက်သော ကိစ္စတွေမှာ လီဗာပူး ကစားသမားတွေရဲ့ ဆုံးဖြတ်ချက်တွေ တိကျမှန်ကန်ဖို့ကို နည်းပြ ကလော့ပ်က ရည်ရွယ်တာဖြစ်တယ်။

ဒီနွေ ရာသီကြိုမှာတည်းက လီဗာပူးအသင်းဟာ ဂျာမာန် နည်းပညာ ကုမ္ပဏီဖြစ်တဲ့ neuro11 နဲ့ လက်တွဲ လေ့ကျင့်ခဲ့တာဖြစ်တယ်။ ဒီရာသီ လီဗာပူးအသင်းရဲ့ ကာရာဘောင်းနဲ့ အက်ဖ်အေဖလား အနိုင်ရမှုတွေမှာပါ ၎င်းနည်းပညာအဖွဲ့ရဲ့ ကူညီမှုတွေ ပါဝင်ခဲ့ကြောင်း ကလော့ပ်က ထုတ်ပြောထားသေးတာဖြစ်ပါတယ်။

လီဗာပူးအသင်းနဲ့ neuro11 ကြား လက်တွဲလုပ်ဆောင်မှုတွေဟာ ဇုန်အလိုက် ကစားမှုတွေမှာ တည်ကန်ဘော တာဝန်ယူရမယ့် ထရန့်၊ ရိုဘို၊ ကိုစတက်တို့လို ကစားသမားတွေကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ လုပ်ဆောင်နိုင်ရေး အကူအညီပေးမှာဖြစ်တယ်။

ဒါပေမယ့်လို့ ကစားသမား တစ်ဦးချင်းအလိုက်ကို အထူး စုစည်းထားတဲ့ အချက်အလက်တွေနဲ့အတူ လေ့ကျင့်မှုတွေ ပြုလုပ်ပေးဦးမှာဖြစ်တယ်။ သူတို့ရဲ့ လေ့ကျင့်မှုမှာတော့ ပင်နယ်တီ ကန်သွင်းမှုလို ဖိအားတွေအောက်က တာဝန်ယူရမယ့် ကဏ္ဍအတွက်လည်း ပါဝင်ပါတယ်။

ဂျာမာန်သား နည်းပြကြီး ကလော့ပ်ကတော့ ဒီနည်းပညာ ကုမ္ပဏီကနေ တစ်ဆင့် ခေတ်ရှေ့ပြေးတဲ့ အားကစားပိုင်းဆိုင်ရာ ပေါင်းစပ်မှုတွေကို ဖန်တီးပြီး ကစားသမားတိုင်း စိတ်ဓါတ်ပိုင်း ကြံ့ခိုင်မှုတွေမှာ အမြင့်ဆုံး အဆင့်မှာ ရှိနေရေးကို အားထုတ်လိုနေတာပဲ ဖြစ်ပါတယ်။