ပဲရစ်မှာ ဟန်ဒို လက်ဆင့်ကမ်းပေးမယ့် ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်လိုတယ်ဆိုတဲ့ ဆာလာ

တိုက်စစ်မှူး ဆာလာက ရီးရဲလ်မက်ဒရစ်နဲ့ ဗိုလ်လုပွဲမှာ အနိုင်ရရေး တိုက်ခိုက်မှာဖြစ်ကြောင်းနဲ့ လာမယ့်ရာသီ သူအသင်းပြောင်းမှာ မဟုတ်ဘဲ လီဗာပူးအသင်းမှာပဲ ဆက်ရှိနေမယ်လို့ အတည်ပြုလိုက်ပြီဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်ထိ လီဗာပူးနဲ့ စာချုပ်ရှိထားတဲ့ ဆာလာက ” လာမယ့်ရာသီ ကျနော် လီဗာပူးမှာပဲ ဆက်ရှိနေမယ်ဆိုတာ သေချာပါတယ် ” လို့ဆိုပြီး စာချုပ်ကိစ္စ မဖြေရှင်းနိုင်သေးပေမယ့် နွေမှာ အသင်းသစ်ထံ ကူးပြောင်းမှာ မဟုတ်ကြောင်း အတည်ပြုခဲ့ပါတယ်။

၂၀၁၈ တုန်းက အရေးနိမ့်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ကို ပြန်လည် ရင်ဆိုင်ရမှာအတွက် ဆာလာက စိတ်အားထက်သန်နေပါတယ်။ အဲ့တုန်းက တိုက်စစ်သမားဟာ ကောင်းကောင်းလုပ်ပြခွင့် မရခဲ့ဘဲ ပွဲအစမှာတင် ဒဏ်ရာကြောင့် ထွက်ခွာခဲ့ရတာပါ။ ဒါကြောင့်လည်း ရီးရဲလ်နဲ့ ထပ်တွေ့ရဖို့ကို ဆာလာက ဆုတောင်းနေခဲ့တာပါ။

ရီးရဲလ်နဲ့မှ တွေ့ချင်နေတာဆိုတဲ့ ဆာလာရဲ့ ဆုတောင်းနဲ့ ပတ်သက်လို့ ရီးရဲလ်နည်းပြ အန်ဆယ်လော့တီနဲ့ တိုက်စစ်မှူး ဘန်ဇီမာတို့က သူတို့ကလည်း လီဗာပူးကို လက်စားချေမှာဖြစ်ပြီး အနိုင်ယူမှာပါလို့ တုန့်ပြန်နေခဲ့ကြတယ်။

အန်ဆယ်လော့တီက ၁၉၈၁ ခုနှစ်တုန်းက လီဗာပူးကို ဗိုလ်လုပွဲမှာ ရှုံးထားတဲ့ အကြွေး ပြန်ယူမယ်လို့ ဆိုထားသလို ဘန်ဇီမာကတော့ ဒီပွဲကို နိုင်မယ်လို့ မထင်ထားပါနဲ့လို့ လီဗာပူးကို သတိပေးထားခဲ့တာပါ။

မီဒီယာတွေ့ဆုံမှုထံ မိုဆာလာနဲ့ အတူတက်လာခဲ့တဲ့ ဟန်ဒါဆန်က ” အဲ့အကြောင်းပြောပြီး ကျနော်တို့ ရယ်ခဲ့သေးတယ်။ မိုက မက်ဒရစ်ကို စိန်ခေါ်ပါတယ်ဆိုပြီး ပြောချင်တာတော့ မဟုတ်ပါဘူး။

ဒါပေမယ့် မို ဘာကို ပြောတယ်ဆိုတာကို ကျနော်တို့ အားလုံး နားလည်ပါတယ်။ ပွဲထဲကနေ ထွက်သွားရတာက မိုအတွက် အရမ်းခံစားရတဲ့ အခိုက်အတန့် ဖြစ်ခဲ့ပါတယ်။ မို ဘာကို ပြောတယ်ဆိုတာ ကျနော် သိပါတယ် ” လို့ သူ့အသင်းဖော်ဘက်က ရပ်တည်ခဲ့ပါတယ်။

အီဂျစ်သား တိုက်စစ်မှူးကတော့ မီဒီယာတွေ့ဆုံမှုမှာ ကွေ့ဝိုက်ပြီး ပြောမနေပါဘူး။ ၂၀၁၈ တုန်းက လီဗာပူးအသင်းနဲ့အတူ သူ့ရဲ့ လုပ်ပြနိုင်စွမ်းတွေဟာ ဒဏ်ရာကြောင့် ထွက်ခွာမှုမှာ ကန့်သတ်ခံရပေမယ့် ဒီတစ်ကြိမ်တော့ ဆုဖလားအတွက် အားထုတ်မယ်လို့ စိန်ခေါ်ခဲ့တာဖြစ်တယ်။

ဆာလာက ” ကျနော် ပြီးခဲ့တာတွေအကြောင်း မပြောချင်ဘူး။ ဟန်ဒို ချန်ပီယံလိဂ် ဆုဖလား ကိုင်မြောက်တာကိုပဲ မြင်ချင်တယ်။ ပြီးရင် သူ ကျနော်ကို ဆုဖလား ကမ်းပေးနိုင်ဖို့ မျှော်လင့်ထားတယ်။

ကျနော်အတွက် လှုံ့ဆော်တွေရှိနေပါတယ်။ နောက်ဆုံးအကြိမ် ဗိုလ်လုပွဲတုန်းက ဖြစ်ခဲ့တာ၊ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက ဖြစ်ခဲ့တာတွေကြောင့်ကော အားလုံးက လှုံ့ဆော်မှုတွေ ရှိနေပါတယ်။

ချန်ပီယံလိဂ်ဖလားအတွက် ကျနော်တို့ အားလုံး တိုက်ခိုက်သွားမှာပါ။ အားလုံးလည်း စိတ်လှုပ်ရှားနေပါတယ်။ ကျနော် ကစားသမားဘဝ အဆိုးဆုံး အခြေအနေနဲ့ ကွင်းထဲက ထွက်ရတာကို မှတ်မိနေပါတယ်။ အဲ့တုန်းက ကျနော် တကယ်ကို နာကျင်ခဲ့ရတယ်။ ကောင်းမွန်တဲ့ ဘောလုံးရာသီကို ပိုင်ဆိုင်ခဲ့ပြီး ဗိုလ်လုပွဲမှ ကွင်းထဲက ထွက်ခွာခဲ့ရတယ်။

ကစားသမားတစ်ယောက်အတွက် အဆိုးဆုံး ကိစ္စပါပဲ။ ရလဒ်ကို ဆေးရုံကနေ သိခဲ့ရပါတယ်။ ကျနော်တို့ အဲ့လို နည်းလမ်းနဲ့ အရေးမနိမ့်လိုခဲ့ပါဘူး ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

မေလ ၂၈ ရက်နေ့မှာ ယှဉ်ပြိုင်မယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲကတော့ နိုင်လိုစိတ် ပြင်းပြနေတဲ့ ကစားသမားတွေနဲ့အတူ ကြည့်ကောင်းဦးမှာပဲ ဖြစ်ပါတယ်။