လွန်ခဲ့တဲ့ ၄၁ နှစ်က အကြွေး လီဗာပူးဆီက ပြန်ယူမယ်ဆိုတဲ့ ရီးရဲလ်နည်းပြ အန်ဆယ်လော့တီ

ဒီလ ၂၈ ရက်နေ့မှာ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို လီဗာပူးကပဲ လက်စားချေလိုတာ မဟုတ်ကြောင်းနဲ့ ရီးရဲလ်မက်ဒရစ်ကလည်း အကြွေး ပြန်ဆပ်လိုနေတာပါလို့ ဘာနေဗျူးအသင်းရဲ့ နည်းပြ အန်ဆယ်လော့တီက ထုတ်ပြောလာပါတယ်။

ဒီနှစ်သင်း နောက်ဆုံးတွေ့ဆုံထားတဲ့ ၂၀၁၈ ခုနှစ် ကိဗ်မှာ ယှဉ်ပြိုင်တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ လီဗာပူးက ရီးရဲလ်မက်ဒရစ်ကို အရေးနိမ့်ခဲ့တာပါ။ အဆိုပါပွဲတုန်းက ဆာလာဟာ ရာမိုစ့်နဲ့ ထိခိုက်မိပြီး ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရကာ လီဗာပူးတို့ အကောင်းဆုံး စွမ်းဆောင်ပြဖို့ ရုန်းကန်ခဲ့ရတာဖြစ်တယ်။

ဒါ့အပြင် မနှစ်တုန်းကလည်း ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ လီဗာပူးက ရီးရဲလ်မက်ဒရစ်ကို အရေးနိမ့်ပြီး ထွက်ခွာခဲ့ရတယ်။ ဒီရာသီ ရီးရဲလ်မက်ဒရစ်နဲ့ တစ်ကျော့ပြန် ထိပ်တိုက်တွေ့မှုကို လီဗာပူးဘက်က ကျေနပ်နေကြတာဖြစ်တယ်။

ရီးရဲလ်မက်ဒရစ်နဲ့ ထိပ်တိုက်တွေ့ခြင်းအတွက် ဆာလာကတော့ ” ကျနော်တို့ ပြန်ချေပစရာ ရှိပါသေးတယ်။ လီဗာပူးက လူတိုင်းကို သွားမေးကြည့်ရင်လည်း အားလုံးက ရီးရဲလ်မက်ဒရစ်နဲ့ တွေ့လိုတယ်လို့ ပြန်ဖြေကြပါလိမ့်မယ် ” လို့ ဆိုထားခဲ့တာ ဖြစ်တယ်။

ဒါပေမယ့်လို့ လွန်ခဲ့တဲ့ ၄၁ နှစ်တုန်းက ချန်ပီယံလိဂ် ဗိုလ်လုပွဲအတွင်း ထိပ်တိုက်တွေ့ဆုံမှုမှာ ရီးရဲလ်မက်ဒရစ်က လီဗာပူးကို အရေးနိမ့်ခဲ့ပါတယ်။ ၁၉၈၁ ခုနှစ် ပဲရစ်မှာ နှစ်သင်း ထိပ်တိုက်တွေ့စဉ် အလန်ကနေဒီရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့အတူ လီဗာပူးက ၁-၀ နဲ့ အနိုင်ရပြီး ၃ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလား ဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။

ဒါကြောင့်လည်း နည်းပြ အန်ဆယ်လော့တီက ” ၂၀၁၈ တုန်းက နောက်ဆုံး နိုင်ခဲ့တာဟာ လုံ့ဆော်မှု ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လီဗာပူးကို ပဲရစ်မှာ ရင်ဆိုင်တုန်းက မက်ဒရစ်က အရေးနိမ့်ခဲ့တာပါ။ ဒီတော့ ကျနော်တို့အတွက်လည်း လက်စားချေရမယ့် ပွဲပါပဲ ” လို့ တုန့်ပြန်စကား ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

သူကပဲ ” ကျနော်တို့အတွက် ဒီပွဲမှာ နောက်ထပ် comeback လုပ်ဖို့ မလိုပါဘူး။ ကျနော်ကတော့ comeback လုပ်နိုင်ဖို့ ကြိုးစားရမယ့်အသင်းက လီဗာပူးဖြစ်မယ်လို့ မျှော်လင့်ထားပါတယ် ” ဆိုပြီး ပြောခဲ့သေးတာ ဖြစ်တယ်။

အင်္ဂလန်နဲ့ စပိန်လိဂ်တွေရဲ့ ဥရောပ သမိုင်းကြောင်း အကောင်းဆုံး ကလပ် နှစ်သင်း ထိပ်တိုက်တွေ့ခြင်းဖြစ်ပြီး ဒီတစ်ကြိမ်မှာ ဘယ်အသင်း အနိုင်ရမလဲက စိတ်ဝင်စားဖို့ ကောင်းနေခဲ့ပြီ ဖြစ်ပါတယ်။