ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အသုံးပြုမယ့် ‘ ငြိမ်းချမ်းခြင်းအတွက်’ လို့ အမည်ပေးထားတဲ့ ဘောလုံးကို ထုတ်ပြလာ

အမှတ်ပေးလိဂ်တွေ ပြီးဆုံးခဲ့ပေမယ့် ဥရောပ ဘောလုံးရာသီက ကုန်ဆုံးသေးခြင်း မရှိဘဲ ဒီအပတ် ပဲရစ်မှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

ဥရောပရဲ့ အထင်ကရ ကလပ်နှစ်သင်းဖြစ်တဲ့ လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ်တို့ဟာ ကလပ်တွေရဲ့ အကောင်းဆုံး ကစားသမားတွေနဲ့အတူ နောက်ဆုံး တစ်ကြိမ် အားထုတ်ကြမှာဖြစ်တယ်။ ဒီလို ပွဲကြီးပွဲကောင်းမှာ ထုတ်သုံးမယ့် ဘောလုံးကို adidas ဘက်က ထုတ်ပြလာခဲ့ပြီဖြစ်ပါတယ်။

အဖြူရောင် အကွက်တွေနဲ့ ငွေရောင် ကြယ်တွေကို ပေါင်းစပ်ထားတဲ့ ဒီဘောလုံးမှာတော့ “PEACE” ဆိုတဲ့ စကားလုံးကို ရှေးစကားလုံးဖြစ်တဲ့ “мир” နဲ့ တွဲဘက်ထားတာဖြစ်တယ်။ “мир” ရဲ့ အနက်ကလည်း ငြိမ်းချမ်းခြင်းလို့ အဓိပ္ပာယ်ရမှာဖြစ်ပါတယ်။

အစဉ်အလားတွေကို ဖောက်ထွက်မှုအဖြစ် ဒီနှစ်ရဲ့ ချန်ပီယံလိဂ် ဖိုင်နယ်ဘောလုံးကို ထုတ်လုပ် ရောင်းချမှုတွေကို ပြုလုပ်သွားမှာ မဟုတ်ပါဘူး။ ဖိုင်နယ်ပွဲအတွက် ထုတ်လုပ်ထားတဲ့ ဘောလုံးတွေကို ပွဲနေ့မှာ အသုံးပြုပြီးခဲ့ရင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီကို ထောက်ပံ့ပေးဖို့ရာ လေလံတင် ရောင်းချမှာဖြစ်ပါတယ်။

ရလာတဲ့ ငွေကြေးတွေကို နေအိမ်ကနေ စွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည်တွေအတွက် ထောက်ပံ့မှုမှာ အေဂျင်စီဘက်က အသုံးပြုမှာဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဘောလုံးရဲ့ နာမည်ကို ငြိမ်းချမ်းခြင်းအတွက် ဘောလုံးလို့ အမည်ပေးထားရခြင်းဖြစ်တယ်။

ဥရောပရဲ့ အထင်ကရ ကလပ်နှစ်သင်း ထိပ်တိုက်တွေ့ခြင်းဖြစ်တာနဲ့အညီ ဒီနှစ်ရဲ့ ချန်ပီယံလိဂ် ဖိုင်နယ်ဟာ ဘောလုံးသမိုင်းမှာ စံချိန်တင် မှတ်တမ်းသစ်တွေ ရလာဖို့ ရှိပါတယ်။

ဒီနှစ်ဖလားကို အနိုင်ရမယ်ဆိုရင် အိမ်ရှင်အသင်းအဖြစ် မဲကျထားတဲ့ လီဗာပူးအတွက် ဥရောပမှာ ဒုတိယမြောက် ချန်ပီယံလိဂ် အအောင်မြင်ဆုံး ကလပ်အဖြစ် အေစီမီလန်နဲ့ ပူးတွဲပြီး ၇ ကြိမ်မြောက် အနိုင်ရမှာဖြစ်တယ်။ အဝေးကွင်းအသင်းအဖြစ် မဲကျထားတဲ့ ရီးရဲလ်မက်ဒရစ် အနိုင်ရမယ်ဆိုရင်လည်း ကလပ်သမိုင်းမှာ ၁၄ ကြိမ်မြောက် အနိုင်ရခြင်း ဖြစ်လာပါလိမ့်မယ်။