မန်စီးတီးမှာ သူ့ကို နှစ်သက်သူ တစ်ဦးမှ မရှိဘူး၊ မက်ဆီ မရှိရင် ချန်ပီယံလိဂ် မရဘူးလို့ ဂွာဒီယိုလာကို တုန့်ပြန်တဲ့ အီဗရာ

ဒီရာသီ ချန်ပီယံလိဂ်မှာ မန်စီးတီးအသင်း ကျရှုံးခဲ့တဲ့အပေါ် မှတ်ချက်စကား ပြောခဲ့တဲ့ အီဗရာကို ဂွာဒီယိုလာရဲ့ တုန့်ပြန်မှု နောက်ဆက်တွဲအဖြစ် ပြင်သစ်သားက အနည်းငယ် ခံစားချက်ပါတဲ့ ပြောဆိုမှုတွေ လုပ်သွားခဲ့ပါတယ်။

မန်စီးတီးအသင်းမှာ ကွင်းတွင်း အခက်အခဲတွေကို ကြိုးစား ဦးဆောင် ပေးမယ့် ကိုယ်ရည်ကိုယ်သွေး ကောင်းတဲ့ ကစားသမားတွေ မရှိဘူးဖြစ်နေတယ်ဆိုပြီး Amazon Prime ရုပ်သံအတွက် အီဗရာရဲ့ သုံးသပ်မှုဟာ ဂွာဒီယိုလာကို ခံရခက်စေခဲ့တာပါ။

ဒါကြောင့်ပဲ ဂွာဒီယိုလာက ဘာစီလိုနာနည်းပြအဖြစ်နဲ့ အီဗရာရဲ့ ယူနိုက်တက်ကို အနိုင်ယူခဲ့လို့ ပြင်သစ်သားက သူ့ကို စိတ်နာနေတာဖြစ်မယ်လို့ တုန့်ပြန် စကားစစ်ထိုးခဲ့တာ ဖြစ်တယ်။

ဂွာဒီယိုလာ နောက်ဆုံး တုန့်ပြန်ခဲ့တဲ့ ‘အီဗရာက ဖျက်ဆီးခံခဲ့ရလို့ စိတ်နာနေတာ’ ဆိုတဲ့ စကားအတွက် မန်ချက်စတာသတင်းဌာန MEN ကို အီဗရာက ပြောရာမှာ “ ကျနော် သူ့ကို နားမလည်နိုင်တော့ဘူးလို့ပဲ ပြောချင်တယ်။ ကျနော်က မီဒီယာတွေ ဘာပြောနေလဲ သိပ်ပြီး စောင့်ကြည့်တတ်သူ မဟုတ်ဘူး။

ကျနော် သူငယ်ချင်းက မက်ဆေ့ပို့လာတယ် ဂွာဒီယိုလာက ‘အီဗရာက အလုပ်လိုချင်လို့ ဒီလို ဝေဖန်နေတာ’ တို့ နောက်ပြီး ‘ဘာစီလိုနာနဲ့အတူ ယူနိုက်တက်ကို ဖျက်ဆီးခဲ့လို့ စိတ်နာနေတာ’ ဒီလို စကားတွေ ပြောနေတယ်ပေါ့။

ကျနော်က Amazon Prime အတွက် သုံးသပ်သူအဖြစ် လုပ်နေတဲ့သူ၊ နောက်ပြီး ကျနော် ပြောခဲ့တာက ကိုယ်ရည်ကိုယ်သွေး ကောင်းတဲ့သူ တစ်ယောက်က အလုံးဆုံ ထိန်းချုပ်ထားချင်တဲ့ ဂွာဒီယိုလာရဲ့ လက်အောက်မှာ ကစားဖို့ ခက်ခဲတယ် ဆိုတာကိုပဲ ပြောခဲ့တာဖြစ်တယ်။

သူရဲ့ လက်အောက်မှာ ကစားခဲ့ကြတဲ့ ကစားသမားတွေအကြောင်း ပြောနေတာပါ။ သူ့ကစားသမားဟောင်းတွေက ဂွာဒီယိုလာက အမြဲတမ်း ပြဿနာရှိတယ်လို့ ပြောကြတယ်။ ကျနော်က စကားကောင်းပြောတာ ဖြစ်ပါတယ်။ ဒီတော့ အခု သူက ပြောစေချင်ပြီဆိုမှတော့ ကျနော် ပြောမယ်။ ဂွာဒီယိုလာအတွက် ကစားပေးရတာ နှစ်သက်ပါတယ်ဆိုတဲ့ မန်စီးတီး ကစားသမား တစ်ဦးမှ မရှိဘူး။

သူက သိပ်ထက်တဲ့သူဖြစ်ရင်ဖြစ်မယ် ဒါပေမယ့် လူတစ်ယောက် အနေနဲ့ သူ့အကြောင်းကို ကျနော် ကောင်းကောင်း မသိဘူး။ ပက်ထရစ် အီဗရာအကြောင်းကို အချိန်တိုင်း သူပြောလိုနေတဲ့အပေါ် အံ့သြမိတယ်။ ကျနော်က အနားယူထားတဲ့ ကစားသမးတစ်ယောက်ပါ။ ကိုယ်အလုပ် ကိုယ်လုပ်နေတာဖြစ်ပါတယ်။

ကျနော် အံ့သြရပေမယ့် အမြဲတမ်း ခပ်ပျော်ပျော်ပါပဲ။ ကျနော် နှလုံးသားထဲမှာ အမုန်းတရားတွေ မရှိဘူး။ ဒါပေမယ့် လူတွေက ကဲ့ရဲ့ချင်လာပြီဆိုရင် ကျနော်က အဆင်သင့်ပဲနော်။

ထပ်ပြောမယ်ဗျာ။ ဂွာဒီယိုလာ ချန်ပီယံလိဂ်ဖလား အနိုင်ရတာဟာ ဇာဗီ၊ အင်နီယေစတာ၊ မက်ဆီတို့ ရှိနေခဲ့လို့ပါ။ အဲ့တုန်းကတော့ သူ ချန်ပီယံလိဂ် အနိုင်ရခဲ့တယ်။ ဘာစီလိုနာကနေ ထွက်ပြီးတဲ့နောက် သူ ချန်ပီယံလိဂ်ဖလားမှ အနိုင်မရတော့တာပဲ ” လို့ ဒဲ့တိုး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဂွာဒီယိုလာဟာ ဘာစီလိုနာကနေ ထွက်ခွာပြီးနောက် ဘိုင်ယန်မြူးနစ်၊ မန်စီးတီးတို့ကို ကိုင်တွယ်ခဲ့ပြီး အဆိုပါ အသင်းတွေမှာ ချန်ပီယံလိဂ်ဖလား စိန်ခေါ်နိုင်ဖို့ မအောင်မြင်သေးတာပဲ ဖြစ်ပါတယ်။ ဒီရာသီမှာတော့ ရီးရဲလ်မက်ဒရစ်ကို အရေးနိမ့်ခဲ့ပြီး ဆီမီးအဆင့်ကနေ ထွက်ခွာခဲ့ရကာ အခုလို စကားစစ်ထိုးမှုတွေ စတင်နေခဲ့တာဖြစ်ပါတယ်။