NEWS: ချယ်ဆီးအသင်း ချန်ပီယံလိဂ်ဝင်ခွင့် မရသေးပေမယ့် ဒီလကုန်ရင် ကိစ္စတွေ ပြီးပြတ်ဖို့ ရှိနေပါပြီ

အင်္ဂလန်မှာ ဘောလုံးရာသီ ပြီးဆုံးသွားပေမယ့် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်တွေအတွက် အက်ဖ်အေကနေ အတည်ပြုမှုတွေ လုပ်ပေးရခြင်း မရှိသေးဘူးလို့ ဘီဘီစီရဲ့ ဖော်ပြမှုအရ သိရပါတယ်။

လိဂ်အဆင့်ရပ်တည်မှုအပေါ် မူတည်ပြီး ဥရောပဝင်ခွင့်တွေကို ပေးမှာဖြစ်ပေမယ့် လန်ဒန်ကလပ် ချယ်ဆီးအသင်းရဲ့ အနေအထားက အပြီးသတ်ဖို့တွေ လိုအပ်နေခြင်းနဲ့အတူ မူအရ ချန်ပီယံလိဂ်ဝင်ခွင့် မရသေးတဲ့ အခြေအနေပါ။ ကလပ် အရောင်းအဝယ် ဖြစ်ထားပေမယ့်လို့ အဓိက ကိစ္စကြီးတွေကို ဖြေရှင်းဖို့ လိုအပ်နေတာဖြစ်တယ်။

ချယ်ဆီးအသင်း ပိုင်ရှင်ဟောင်းဖြစ်တဲ့ ရိုမန် အေဘရာမိုဗစ်ဟာ လက်ရှိမှာ ပေါ်တူဂီ ပက်စ်ပို့ ကိုင်ဆောင်ထားပါတယ်။ ဒါကြောင့် လက်ရှိ ချယ်ဆီးအသင်း ပိုင်ရှင် အပြောင်းအလဲကို ပေါ်တူဂီ အာဏာပိုင်တွေက ခွင့်ပြုကြောင်း လိုင်စင် ထုတ်ပေးဖို့ လိုအပ်နေတာပါ။ ခွင့်ပြုမိန့် ရရှိဖို့အတွက် ဥရောပကော်မရှင်မှာ အကျိတ်အနယ် ဆွေးနွေးနေကြဆဲဖြစ်ပါတယ်။

Whitehall ဘက်က သတင်းထုတ်ပြန်ပေးရာမှာ ” လူတိုင်းက လွဲပြောင်းယူမှုကို ပြီးစေချင်နေပါပြီ။ ဒါပေမယ့်လို့ ချယ်ဆီးအသင်းကို ပိုင်ဆိုင်ထားပုံတွေနဲ့ ဝယ်ယူမှုရဲ့ ရှုပ်ထွေးမှု သဘောသဘာဝအရ ကိစ္စတွေက ပြောသလောက် မရိုးရှင်းပါဘူး။

ဒီအရောင်းအဝယ်န့ ပတ်သက်ပြီး အာမခံချက်တွေ လိုချင်နေတဲ့ နိုင်ငံတကာက ပါတနာတွေကို အာမခံပေးနိုင်ဖို့ရော အသင်းရောင်းချရာမှာ ရလာတဲ့ ငွေကြေးတွေကို ဘယ်လို စီမံမလဲဆိုတာအတွက်ပါ ကျနော်တို့ ဖြေရှင်းပေးဖို့ ကြိုးစားနေပါတယ်။

အချိန်တွေက ခပ်မြန်မြန် ကုန်နေပါပြီ။ အင်္ဂါနေ့မှာ ဒီကိစ္စကို အဆုံးသတ်ရမှာပါ။ မဟုတ်ဘူးဆိုရင် အဓိက ဘောလုံးဆိုင်ရာ နောက်ဆုံးရက်တွေကို လွဲချော်ပြီး ကလပ်က အန္တရာယ် ရှိပါတယ် ” လို့ဖြစ်ပါတယ်။

ချယ်ဆီးဘက်ကတော့ မေလ အကုန်လောက်မှာ အသင်းကို ဘိုလီ လွဲပြောင်းယူနိုင်မယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ပါကြောင်း လန်ဒန်သတင်းထောက် Matt Law က ထုတ်ပြောခဲ့တယ်။ ဘိုလီဟာ ပရီးမီးယားလိဂ် ပိုင်ရှင်တွေနဲ့ ဒါရိုက်တာတွေရဲ့ စစ်ဆေးမှုကိုလည်း အောင်မြင်ထားပါပြီ။

အက်ဖ်အေဟာ ဇွန်လ အစပိုင်းကို နောက်ဆုံးထားပြီး ယူအီးအက်ဖ်အေရဲ့ ပြိုင်ပွဲတွေကို ပါဝင် ယှဉ်ပြိုင်ရမယ့် အင်္ဂလန်ကလပ်တွေကို ရွေးချယ်ပေးဖို့ လိုအပ်ပါလိမ့်မယ်။ အကယ်လို့ ချယ်ဆီးရဲ့ ပိုင်ရှင် အပြောင်းအလဲ ကိစ္စ လိုအပ်တဲ့ စာရွက်စာတမ်းနဲ့ သဘောတူညီချက်တွေကို အဲ့အချိန်ထိ အပြီးမသတ်ရင် ချန်ပီယံလိဂ်ဝင်ခွင့် ကိစ္စက ခေါင်းကိုက်စရာ ဖြစ်လာဖို့ ရှိပါတယ်။

မေလ ၃၁ ရက်နေ့မှာ ဘောလုံးလိုင်စင်တွေ ကုန်ဆုံးမှာဖြစ်ပြီး နောက်ရာသီအတွက် ပရီးမီးယားလိဂ် လိုင်စင်ကိုတော့ ဇွန်လ ၉ ရက်နေ့မှာ ထုတ်ပေးရမှာဖြစ်ပါတယ်။