ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ သူအားပေးမယ့် ကလပ်ကို ထုတ်ပြောလာတဲ့ တိုက်စစ်မှူး ဘာပေး

ရီးရဲလ်မက်ဒရစ်ကို မပြောင်းဘဲ ပီအက်စ်ဂျီမှာပဲ ဆက်နေဖို့ ရွေးချယ်ခဲ့တာအတွက် လာလီဂါကလပ်ရဲ့ ဥက္ကဋ္ဌဖြစ်သူ ပီရက်ဇ်ထံ တိုက်စစ်မှူး ဘာပေးက စာတစ်စောင် ပို့ခဲ့ပါတယ်။

အစောပိုင်း ညိနှိုင်းမှုတွေမှာ ဘာပေးထံက ရီးရဲလ်မက်ဒရစ်၊ စီရော်နယ်ဒိုတို့နဲ့ ပတ်သက်လို့ အထင်ကြီးမှုတွေကို ကြားခဲ့ရတဲ့ မက်ဒရစ် တာဝန်ရှိသူတွေက အပြောင်းအရွှေ့ သဘောတူညီမှု ရလိုက်ပြီလို့ ခံစားခဲ့ရတာပါ။ ဘာပေး ကိုယ်တိုင်က ရီးရဲလ်မက်ဒရစ်ကို အထင်ကြီးပေမယ့် ပီအက်စ်ဂျီမှာပဲ ဆက်နေလိုက်ဖို့ကို ရွေးချယ်သွားခဲ့တယ်။

WhatsApp ကနေ ဘာပေး ပေးပို့ခဲ့တာက “ ကျနော် ခင်ဗျားကို ပြောပြချင်တာက ပီအက်စ်ဂျီမှာ ဆက်နေဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်။ ကလေးဘဝတည်းက ပရိသတ်အဖြစ် အားပေးခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ်မှာ ကစားနိုင်ရေး အခွင့်အရေး ပေးခဲ့တာအတွက် ဥက္ကဋ္ဌကြီးကို ကျေးဇူးတင်ပါတယ်။ ကျနော်ရဲ့ ဆုံးဖြတ်ချက်ကို နားလည်ပေးဖို့ မျှော်လင့်ပါတယ်။ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ကံကောင်းပါစေ ဆုတောင်းပေးပါတယ် ” လို့ ဖြစ်ပါတယ်။

ပီအက်စ်ဂျီရဲ့ ကမ်းလှမ်းမှုက ဘာပေးကို စူပါစတားတစ်ယောက်လို ဖြစ်စေမယ့် အချက်တွေ ပါဝင်ခဲ့ပါတယ်။ မန်နေဂျာခန့်ခွင့် ထုတ်ခွင့်၊ ကြီးမားတဲ့ အပြောင်းအရွှေ့တွေမှာ ပါဝင် ဆွေးနွေးခွင့်တွေ ဆိုတာက ကစားသမားတစ်ယောက် လုပ်ပိုင်ခွင့်ထက် ပိုမိုတဲ့ ကိစ္စတွေဖြစ်ပြီး ဒါတွေကပဲ သူ့ကို ပီအက်စ်ဂျီမှာ ဆက်နေဖို့ ဖြစ်လာစေခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ပေမယ့်လည်း မေလ ၂၈ ရက်နေ့မှာ ယှဉ်ပြိုင်ကစားမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာတော့ ရီးရဲလ်မက်ဒရစ်ကို အားပေးနေမှာဖြစ်ကြောင်း ဘာပေးက ထုတ်ဖော်ခဲ့တယ်။

ဘာပေးကပဲ တွစ်တာကနေတစ်ဆင့် ” ကျနေ်ာကတော့ ရီးရဲလ်မက်ဒရစ်နဲ့ ဖလော်ရန်တီနို ပီရက်ဇ်ကို ကျေးဇူးတင်ချင်ပါတယ်။ သူတို့ ကျနော့်ကြောင့် စိတ်ပျက်နေကြမယ် ထင်ပါတယ်။

ဒါပေမယ့် ကျနော့် မြို့၊ ပဲရစ်မှာ ကန်မယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ကျနော်က သူတို့ရဲ့ ပထမဦးဆုံး ပရိသတ် အဖြစ် စောင့်ကြိုနေမှာပါ။ ဒီလို ထိပ်တန်းအဆင့် ပွဲစဉ် တစ်ခုမှာ ပါဝင်ခွင့် ရဖို့က ကံတရားလည်း ပါတယ် ဆိုတာ ကျနော် သိလိုက်ပါတယ်။ ” လို့ ထုတ်ဖော် ရေးသားသွားခဲ့ပါတယ်။