ချန်ပီယံလိဂ် မပြိုင်ရမှာ စိုးရိမ်ခြင်းကြောင့် ရီးရဲလ်မက်ဒရစ်ကို ပြောင်းဖို့ ငြင်းဆန်တဲ့ ဘာပေး

တိုက်စစ်မှူး ဘာပေးဟာ ပိုကောင်းတဲ့ ကမ်းလှမ်းခံရမှုတွေကြောင့် ရီးရဲလ်မက်ဒရစ်ကို ငြင်းဆန်ပြီး ပီအက်စ်ဂျီနဲ့ ပြန်လည် လက်တွဲခဲ့ခြင်းဖြစ်သလို လာလီဂါကလပ်ရဲ့ ချန်ပီယံလိဂ်မှာ ဆက်လက် ပါဝင်ခွင့်အပေါ် စိုးရိမ်စိတ်လည်း ရှိခဲ့တယ်လို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ ပီအက်စ်ဂျီတို့ဟာ ဘာပေးရဲ့ တောင်းဆိုမှုတွေအတွက် အချက်အလက် အားလုံးကို သဘောတူညီထားခဲ့ပြီး လက်မှတ် မထိုးထားတဲ့ စာချုပ် နှစ်ခုမှာ တစ်ခုကို ရွေးဖို့ ကစားသမားက ဆုံးဖြတ်ပေးရဖို့ ဖြစ်လာခဲ့ပါတယ်။

ကလပ်နှစ်သင်းလုံးက လက်မှတ်ထိုးကြေးအဖြစ် ယူရို သန်း ၁၅၀ စီ ပေးကြမှာဖြစ်ပြီး ပုံရိပ်အသုံးပြုမှုမှာ ဘာပေးက ရပိုင်ခွင့် အဓိက ရှိခြင်းနဲ့အတူ အခွန်ဆောင်အပြီး တစ်နှစ်ကို ယူရို သန်း ၁၀၀ ခန့်ရှိမယ့် မြင့်မားတဲ့ လုပ်ခကို ပေးအပ်မယ်လို့ ညိနှိုင်းခဲ့ကြတာပါ။

ဒါပေမယ့် ပီအက်စ်ဂျီဘက်က ရီးရဲလ်မက်ဒရစ်တို့ ကမ်းလှမ်းနိုင်မှာ မဟုတ်တဲ့ အားကစားပိုင်းဆိုင်ရာ ပရော်ဂျက်တွေကို ထည့်သွင်း ကမ်းလှမ်းခဲ့တယ်။ ပီအက်စ်ဂျီက ပုံရိပ် အသုံးပြုခွင့် ၁၀၀% ကို ဘာပေးကို ပေးဖို့အပြင် မန်နေဂျာခန့်ခွင့် ထုတ်ခွင့်၊ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေမှာ ပါဝင် ဆွေးနွေးခွင့်တွေ ဆိုတာက ကစားသမားတစ်ယောက် လုပ်ပိုင်ခွင့်ထက် ပိုမိုတဲ့ ကိစ္စတွေကို ကမ်းလှမ်းခဲ့ပါတယ်။

ဒီအချက်တွေကြောင့်ပဲ ဘာပေးက ပီအက်စ်ဂျီမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပြီး ၂၀၂၅ ခုနှစ်ထိ ရှိနေမယ့် ၃ နှစ် သက်တမ်းတိုးစာချုပ်ကို ချုပ်ဆိုသွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လို့ စပိန်သတင်းဌာန Sport ရဲ့ ဂျာနယ်လစ်ဖြစ်သူ Siro Lopez ဖော်ပြတဲ့ သီးခြား သတင်းမှာတော့ ဘာပေးဟာ ချန်ပီယံလိဂ်ကနေ ထုတ်ပယ်ခံရနိုင်တဲ့ ရီးရဲလ်ရဲ့ အခြေအနေကို စိုးရိမ်ခဲ့တယ်လို့ ဆိုပါတယ်။

မနှစ်က ဥရောပထိပ်သီးတွေရဲ့ ချန်ပီယံလိဂ်ကနေ ခွဲထွက်မယ့် ဥရောပစူပါလိဂ် တည်ထောင်ဖို့ ကြိုးပမ်းမှု ကျရှုံးခဲ့တယ်။ သို့ပေမယ့် ဦးဆောင်ကလပ်တွေထဲ ပါဝင်ထားတဲ့ လာလီဂါ ကလပ်နှစ်ခုနဲ့ စီးရီးအေ ကလပ်တို့ဟာ စူပါလိဂ် စီမံကိန်းကနေ တရားဝင် နုတ်ထွက်ခြင်း မရှိပဲ ဆက်လက် ရပ်တည်နေတာပါ။

မက်ဒရစ် တရားရုံးက မဖြစ်မြောက်ခဲ့တဲ့ အဆိုပါပြိုင်ပွဲကို ဆက်လက် အကောင်အထည် ဖော်ချင်နေဆဲဖြစ်တဲ့ ကလပ်သုံးခုကို ပိတ်ပင်ကန့်သတ်ဖို့ UEFA ကို ခွင့်ပြုခဲ့တာနဲ့အတူ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာနဲ့ ဂျူဗင်တပ်တို့ကို ၎င်းတို့တွေ စူပါလိဂ်ကို စဖို့ကြိုးစားတာနဲ့ ချန်ပီယံလိဂ်ကနေ ထုတ်ပယ်ပြီး အရေးယူသွားမယ်လို့ ဥရောပဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဆီဖာရင်က သတိပေးထားတာ ဖြစ်ပါတယ်။

လာမယ့် သြဂုတ်လမှာတော့ ယူအီးအက်ဖ်အေဟာ ဥရောပထိပ်သီး ၃ သင်းနဲ့ ပတ်သက်လို့ ဆန်ရှင်တွေ ချသွားဖွယ် ရှိနေတယ်။ ဥရောပကလပ် ၃ သင်းက နောက်မဆုတ်ဘူးဆိုရင် လာမယ့်ရာသီ ချန်ပီယံလိဂ်ကနေ ဖယ်ထုတ်ခံရမှာဖြစ်ပြီး ဒီအခြေအနေတွေကို ဘာပေး စိုးရိမ်းခဲ့တယ်လို့ Siro Lopez က ဖော်ပြသွားခဲ့တာဖြစ်ပါတယ်။