အေဂျက်နဲ့ လုပ်ပြခဲ့သလို ယူနိုက်တက်ကို ချန်ပီယံလိဂ်မှာ လူရှိန်တဲ့အသင်း ဖြစ်အောင် လုပ်ပြမယ် လို့ တန်ဟက် ကြွေးကြော်

အိုးထရက်ဖို့ဒ်ကို ကိုင်တွယ်တဲ့ ပထမဆုံး ရာသီအတွင်းမှာပဲ မန်ချက်စတာ ယူနိုက်တက်က ချန်ပီယံလိဂ်ကို သေချာပေါက် ဝင်ခွင့်ရရမယ်လို့ အဲရစ်တန်ဟက်က ပြောဆိုခဲ့ပါတယ်။

ဒီရာသီ ရလဒ်တွေဆိုးရွားခဲ့တာကြောင့် နည်းပြဆိုးရှားနေရာ ယာယီနည်းပြ ရက်ဖ်ရန်းနစ်က အစထိုး ဝင်ရောက်လာခဲ့တာပါ။ ဒါပေမယ့်လို့ ယူနိုက်တက်က ပရီးမီးယားလိဂ်မှာ အဆိုးရွားဆုံး အခြေအနေတွေကို ရင်ဆိုင်ခဲ့ရခြင်းကြောင့် ထိပ်ဆုံး ၄ သင်းကနေ လွှင့်စင်ခဲ့သလို နည်းပြသစ်ဟာ သူ့ရဲ့ ပွဲဦးထွက်ရာသီအတွင်း ယူရိုပါလိဂ်မှာပဲ ကစားရဖို့ ရှိပါတယ်။

တန်ဟက်ရဲ့အသင်းဟောင်း အေဂျက်ကတော့ လေးရာသီအတွင်း ၃ ကြိမ်မြောက် အမှတ်ပေးဖလား ရရှိခဲ့ပြီးနောက် ချန်ပီယံလိဂ်မှာ ဆက်လက်ကစားရဦးမှာ ဖြစ်ပါတယ်။
နယ်သာလန်သားနည်းပြဟာ ချန်ပီယံလိဂ်ညချမ်းတွေမှာ သူ ပါဝင်ခွင့် မရှိတော့တာနဲ့ ပတ်သက်လို့ နောင်တရတဲ့အကြောင်း ဖွင့်ဟခဲ့ပါတယ်။

“ ချန်ပီယံလိဂ်ညတွေမှာ ကျွန်တော်က အေဂျက်ပရိသတ်အနေနဲ့ သူတို့ကို အားပေးသွားမှာပါ။ ကျွန်တော်ကိုယ်တိုင် ပါဝင်ယှဉ်ပြိုင်ခွင့်ရချင်ပေမယ့် စိတ်မကောင်းစွာပဲ မဖြစ်နိုင်တော့ပါဘူး ” လို့ နည်းပြတန်ဟက်က ဆိုပါတယ်။

ရန်းနစ်ရဲ့အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် အဆင့် ၆ ဒါမှမဟုတ် ၇ တောင် ဖြစ်သွားနိုင်ပေမယ့် နောက်ရာသီမှာ အဆင့်လေးအတွင်း မဖြစ်မနေ ဝင်ဖို့လိုတယ်လို့ တန်ဟက်က ထင်မြင်နေပါတယ်။

“ ဒါက ဖြစ်ကိုဖြစ်ရမယ့်အရာပါ။ ရည်မှန်းချက်က အေဂျက်မှာတုန်းကလို မန်ချက်စတာ ယူနိုက်တက်ကို ဥရောပ ထိပ်တန်းအဆင့်ထံ ပြန်ရောက်အောင် လုပ်ပေးဖို့ပဲ။ မန်ချက်စတာ ယူနိုက်တက်နဲ့ ချန်ပီယံလိဂ်ကို ရောက်ဖို့က မဖြစ်မနေ လုပ်ရမှာပါ ” လို့ တန်ဟက် ဆိုပါတယ်။

တန်ဟက်အတွက် အားတက်စရာကတော့ သူ့အသင်းမှာ ချန်ပီယံလိဂ်ဘုရင် ရော်နယ်ဒို ပိုင်ဆိုင်ထားမှာ ဖြစ်ပါတယ်။ ဘလွန်းဒီအော ၅ ဆုရှင်ဟာ သရဲနီတွေအတွက် ၃၈ ပွဲမှာ ၂၄ ဂိုး သွင်းယူခဲ့ပြီး အိုးထရက်ဖို့ဒ်မှာ ဆက်နေသွားနိုင်ဖွယ် ရှိပါတယ်။

“ သူက စစ်မှန်တဲ့ အောင်မြင်သူတစ်ယောက်၊ ခမ်းနားကြီးကျယ်တဲ့ ကစားသမား တစ်ယောက်ပါ။ ကျွန်တော် သူနဲ့တွဲလုပ်ဖို့ မစောင့်နိုင်တော့ဘူး ” လို့ တန်ဟက်က ဖွင့်ဟခဲ့ပါတယ်။

ရော်နယ်ဒိုကလည်း ဧပြီလအတွက် ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံးဆု ရရှိခဲ့ပြီးနောက် အလားတူ ခံစားချက်ကို ပြောပြခဲ့ပါတယ်။

“ တန်ဟက်က အေဂျက်မှာ သိပ်ကောင်းတဲ့ အလုပ်ကို လုပ်ခဲ့တာပါ။ သူက အတွေ့အကြုံရင့် နည်းပြတစ်ယောက် ဖြစ်ပေမယ့် ကျွန်တော်တို့ သူ့ကို အချိန်ပေးဖို့ လိုပါတယ်။ အရာအားလုံးက သူဖြစ်စေချင်တဲ့အတိုင်း ပြောင်းလဲရမှာပါ။

သူကောင်းကောင်းလုပ်ရင် မန်ချက်စတာ ယူနိုက်တက်က အောင်မြင်မှာမို့လို သူ့အတွက် ဆုတောင်းပေးပါတယ်။ သူရောက်လာတဲ့အတွက် ကျွန်တော်တို့ကစားသမားတွေရော ပရိသတ်တွေပါ ပျော်ရွှင် စိတ်လှုပ်ရှားနေပါတယ်။ နောက်နှစ်မှာ ကျွန်တော်တို့ ဆုဖလားတွေ အောင်မြင်နိုင်တယ်လို့ ယုံကြည်ရမှာပါ ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။