ထူးထူးဆန်းဆန်း ရလဒ်တွေထွက်မယ့် ပရီးမီးယားလိဂ် ပွဲစဉ် (၃၈) အတွက် ပေါလ်မာဆန်ရဲ့ ရလဒ် ခန့်မှန်းချက်များ

ဒီအပတ် ပွဲစဉ်တွေ အပြီးမှာတော့ ပရီးမီးယားလိဂ် ဘောလုံးရာသီက အဆုံးသတ်တော့မှာဖြစ်ပါတယ်။ ဒီရာသီ နောက်ဆုံးအပတ်အတွက် ပေါလ်မာဆန်ရဲ့ သုံးသပ် ခန့်မှန်းချက်တွေကို ဖော်ပြမှာဖြစ်ပါတယ်။

Crystal Palace v Manchester United

ပဲလေ့စ်က မနေ့ညကမှ ကစားထားတာပါ။ ယူနိုက်တက်နဲ့ ပွဲကို ဘယ်လိုသွားမလဲ ဆိုတာ အဲဗာတန်နဲ့ ပွဲက သက်ရောက်မှုတွေ အများကြီး ပါနိုင်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ကလည်း တစ်ရာသီလုံး သူတို့ ဖြစ်လာခဲ့တဲ့ ပုံစံ အတိုင်းပဲ ဒီပွဲမှာ မြင်ရမှာပါ။ သူတို့က ၂ဝ၂၂-၂၃ ရာသီကို နည်းပြသစ် တန်ဟက်နဲ့ အတူ လန်းလန်းဆန်းဆန်း ပြန် စတင်ဖို့ပဲ အာရုံကျနေပါလိမ့်မယ်။

နည်းပြ ပက်ထရစ် ဗီအဲရာကတော့ ဒီရာသီ ထူးချွန်စွာ စွမ်းဆောင်ထားပြီး ပဲလေ့စ် ကစားဟန်ကို လုံးဝ ပြောင်းလဲနိုင် ခဲ့ပါတယ်။ သူတို့ နောက်ဆုံးမိနစ် သွင်းဂိုးတွေ တချို့နဲ့ ကံကောင်းခဲ့တဲ့ ပွဲတွေ ရှိပေမယ့် ဗီအဲရာက အရွယ်ရသူတွေ များနေတဲ့ လူစာရင်းနဲ့ အတူ ဆွဲဆောင်မှု ရှိတဲ့ ဘောလုံး ကစားဟန်ကို အသက်သွင်းခဲ့ပါတယ်။

သူက နောင်တချိန်မှာ အာဆင်နယ် မန်နေဂျာ ဖြစ်လာနိုင်မလား ? ဒါက ကျနော့် အမြင် အချိန်ကိုက်မှု ရှိ၊ မရှိ အပေါ်ပဲ မူတည်ပါတယ်။ ဆာအဲလက်စ် ဖာဂူဆန်သာ ၂ဝဝဝ ပြည့်နှစ် အစောပိုင်းက အနားယူမယ် ဆိုရင် သူ့နေရာမှာ တကယ်ကို ကောင်းကောင်း အစားဝင်နိုင်သူတွေ အများကြီး ရှိခဲ့ပေမယ့် တကယ် နားချိန်မှာတော့ အသီးအပွင့်တွေ မခံစားရတော့ပါဘူး။

အာဆင်နယ်ကလည်း စိတ်ပျက်ဖွယ် ရလဒ်တွေ စီးရီးလိုက် တွေ့နေတာပါ။ ဗီအဲရာကတော့ နိုင်ပွဲတွေကို ကြိုးကိုင်နေနိုင်ခဲ့တယ်။ ဒီတော့ သူက ဂန်းနားတွေရဲ့ နောက် နည်းပြ ဖြစ်လာနိုင်ပါတယ်။

ကျနော်က ဒီပွဲကို ပဲလေ့စ်ပဲ ၂-၁ လောက်နဲ့ နိုင်မယ် ထင်နေတယ်။ မန်ချက်စတာ ယူနိုက်တက်က ဒီတလော သီတင်းပတ်တွေမှာ လုံလောက် ကောင်းမွန်မှု မရှိဘူး ဖြစ်နေတယ်။

ပေါလ်မာဆန် ရလဒ်ခန့်မှန်း။ ။ Palace 2-1 Man United

Arsenal vs Everton

အာဆင်နယ်က ပြီးခဲ့တဲ့ သီတင်းပတ်ကုန် နယူးကာဆယ်ကို ၂-ဝ နဲ့ ရှုံးခဲ့တဲ့ ပွဲမှာ ကစားသမားတွေကြား အချိတ်အဆက်တွေက လွဲချော်နေခဲ့ပါတယ်။ သူတို့ ခြေစွမ်းက တော်တော်ကြီး ဆိုးနေခဲ့ပြီး ဒီရလဒ်ကလွဲပြီး တခြား ထွက်စရာလည်း မရှိပါဘူး။

ပွဲတစ်ပွဲမှာ များသော အားဖြင့် ကစားတာကောင်းတဲ့ ကစားသမား တချို့တော့ ရှိတတ်ကြပါတယ်။ ဒါပေမယ့် ဒီပွဲမှာတော့ ပထမဆုံံး အကြိမ် အနေနဲ့ အာဆင်နယ် ကစားသမားတိုင်းဟာ ခြွေစွမ်း အတော်ဆိုးနေခဲ့ပြီး ၂၀၂၁-၂၂ ဘောလုံးရာသီရဲ့ အဆိုးဆုံး ခြေစွမ်းနဲ့ ပွဲလို့တောင် ပြောလို့ ရပါမယ်။

ကျနော် ဂရန်းနစ် ရှာကာရဲ့ မှတ်ချက်ကို ဖတ်ရတော့ အာဆင်နယ် ကစားသမားတွေက နယူးကာဆယ်နဲ့ ကန်ရတာကို ပန်းခြံထဲ လမ်းလျှောက်ရသလောက်ပါလို့ ထင်ခဲ့ကြပုံပါ၊ တကယ့် တကယ်တော့ အဲ့လို ဖြစ်ဖို့က အဝေးကြီးပါပဲ။ ကျနော်တို့လဲ ကစားသမား တစ်ယောက်ကို ဆိုးဝါးတဲ့ ရှုံးပွဲ အပြီး ကြေကွဲနေမှာမျိုး မဖြစ်စေချင်ပါဘူး။

ဒါပေမယ့် ရှာကာ က သူ့ရင်ထဲ ရှိတာကို ရိုးရိုးသားသား ထုတ်ပြောခဲ့တာ၊ ဒီအတွက် အာဆင်နယ် ပရိသတ်ထုရဲ့ ဆန့်ကျင် ငြိုငြင်တာကို ခံရပြန်ရော။ ဒီလို ဖြစ်တာတွေ မြင်ရတာ ဝမ်းနည်းမိတယ်။ တခါတလေ ပရိသတ်တွေရဲ့ ပေါက်ကွဲမှုက ပုံချခံရတာမျိုး ဖြစ်နေတတ်တာ။

အဲဗာတန်ကတော့ ကျနော့်အမြင် လက်ခံလို့ရတဲ့ အတိုင်းအတာထိ ကောင်းမွန်မှု ရှိတယ် ထင်တယ်။ ဒါပေမယ့် ဂျော်ဒန် ပစ်ဖို့ရဲ့ စွမ်းဆောင်ရည်တွေက သူတို့ အက်ကြောင်းတွေကို ဖာထေး ပေးနေတာပါ။ သူက ချယ်ဆီးနဲ့ ပွဲမှာ ၃ မှတ်ပြည့် ယူပေးခဲ့သလို လက်စတာနဲ့ ပွဲမှာလည်း ကမ္ဘာ့အဆင့် ကာကွယ်မှုတွေ လုပ်သွားခဲ့သေးတယ်။ ဒီတော့ ပစ်ဖို့ဒ်သာ မကယ်ရင် အဲဗာတန်တို့ တန်းဆင်းနေရပြီ လို့ ပြောရင် များရာများ ကျမလား မသိဘူး။

လောလောဆယ်မှာ သူက အင်္ဂလန်ရဲ့ နံပါတ် ၁ ဂိုးသမားပါ။ ဖိအားတွေ အကြဉ်းကြပ်တွေ ရောက်လာရင် သူက ရှေ့ထွက် စွမ်းဆောင်ပေးတယ်။ ရမ်ဆေးက ဒီတလော သီတင်းပတ်တွေမှာ မတည်ငြိမ်ဘူး ဖြစ်နေတယ်။ အဲဗာတန် အခုလို ပြန်လာနိုင်တာက ပစ်ဖို့ကို အကြီးကြီး ကျေးဇူးထည့်တင်ရပါမယ်။

အာဆင်နယ် အပေါ်တော့ ဖိအားတွေက လျော့သွားပါပြီ။ ဒီပွဲကို သူတို့ သက်တောင့်သက်သာ နိုင်ပါလိမ့်မယ်။ ဒီပွဲနိုင်ရင် အဆင့် ၄ တစ်နေရာကော ရနိုင်ဦးမလား ? ဒါကို အချိန်က အဖြေပေးသွားပါလိမ့်မယ်။

ပေါလ်မာဆန် ရလဒ်ခန့်မှန်း။ ။ Arsenal 3-0 Everton

Norwich City vs Tottenham Hotspur

ဒီပွဲက ပြောရမှာ ထူးဆန်းပါတယ်။ ဘာလို့လဲဆိုတော့ နောဝစ်ချ်က ဇယားအောက်ခြေက ဖြစ်သလို တန်းဆင်းသွားတဲ့ ပထမဆုံး အသင်းဖြစ်ပါတယ်။ ဒါပေမယ့် ဘောလုံးမှာက အခိုက်အတန့်ဆိုတာ အမြဲတမ်း ရှိပါတယ်။ လက်စတာကို ၃-၀ နဲ့ အရေးနိမ့်ပေမယ့် အဲ့ပွဲမှာ နောဝစ်ချ်က ဂိုးသွင်းခွင့်တွေ ရပါတယ်။

နောဝစ်ချ်က အခွင့်အရေးတွေ ဖန်တီးနိုင်မယ်ဆိုရင် ဒရာမာဆန်ဆန်လေးတွေ ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့်လို့ ဒီပွဲရဲ့ ချဉ်းကပ်မှုတွေက စပါးရဲ့ လက်ထဲမှာပဲ ရှိနေပါတယ်။

ကျနော် ပြောနိုင်တာကတော့ ပရီးမီးယားလိဂ် ထိပ်ဆုံး ၄ နေရာမှာ တစ်နေရာရရေးအတွက် နောက်ဆုံးရက်မှာ စပါးက နောဝစ်ချ်ကိုမှ အနိုင်မရဘူးဆိုရင် နောက်ရာသီ ချန်ပီယံလိဂ်မှာ သွားကစားဖို့ စဉ်းစားမနေပါနဲ့တော့။

ဆွန်ဟောင်မင်နဲ့ ဆာလာတို့က ရွှေဖိနပ်ဆုအတွက် ထိပ်တိုက် ဖြစ်နေကြတာပါ။ သူတို့ နှစ်ဦး ပူးတွဲ ဆုရသွားမယ်ဆိုရင် သဘောကျဖို့ ကောင်းပါလိမ့်မယ်။

ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုအတွက် ကျနော်ဆိုရင်တော့ မန်စီးတီးလို ကမ္ဘာအကောင်းဆုံး အသင်းရဲ့ ကစားသမားဖြစ်တဲ့ ဒီဘရိုင်း အနိုင်ရဖို့ ရွေးချယ်ပါမယ်။ ဆာလာက ကောင်းမွန်တဲ့ အစကို ပိုင်ဆိုင်ထားပေမယ့် ၂၀၂၂ ထဲကို ဝင်လာကတည်းက သူဟာ အကောင်းဆုံး ကစားသမား မဟုတ်တော့ပါဘူး

ပေါလ်မာဆန် ရလဒ်ခန့်မှန်း။ ။ Norwich 1-2 Tottenham

Liverpool vs Wolves

နောက်ဆုံးပွဲ နောက်ဆုံးအဆင့်မှာမှ ကပျက်ကချော် လုပ်မယ့်အသင်းဟာ ပရီးမီးယားလိဂ် ဖလား အဆုံးအဖြတ် ကို နောက်ဆုံးပွဲထိ ရောက်အောင် မလာပါဘူး။ လီဗာပူးက ဒီပွဲကို သက်တောင့်သက်သာ အနိုင်ရသွားမယ် လို့ကို ကျနော် ထင်ပါတယ်။

ဆောက်သမ်တန်နဲ့ ပွဲမှာ လီဗာပူး ပွဲထွက်လူစာရင်း အပြောင်းအလဲက ကျနော်တောင် အံ့သြသွားခဲ့မိတယ်။ ဒါပေမယ့် အဲဒီ လူတွေနဲ့ ပဲ သူတို့ လုပ်နိုင်ခဲ့တယ်။ ကလော့ပ် ပွဲထုတ်လာတဲ့ ကစားသမားတွေက သူတို့ ရှိသမျှ အစွမ်းကုန် ထုတ် ကစားပြီး ၃ မှတ်ပြည့် ယူခဲ့တာပါ။

မန်ချက်စတာ စီးတီးက ပြီးခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ ပွဲမှာ အနိုင် ရခဲ့သင့်ပေမယ့် အရေးကြီးတဲ့ ၂မှတ် ဆုံးရှုံးခဲ့ရတာကြောင့် လီဗာပူးရဲ့ ဘောလုံးရာသီ နောက်ဆုံးနေ့မှာ ဖလားလုနိုင်ဖို့ မျှော်လင့်ချက်တွေက ပို အသက်ဝင်လာခဲ့ပါတယ်။ ဇာတ်ညွှန်းကတော့ ပုံပြင်ထဲကလို ဒရမ်မာဆန်နေပါတယ်။ ပက် ဂွာဒီယိုလာနဲ့ အဖွဲ့ဟာ တနင်္ဂနွေနေ့မှာ စတီဗင် ဂျရတ်ရဲ့ အက်စတွန်ဗီလာကို ရင်ဆိုင်ရမှာပါ။

လီဗာပူး အသင်းခေါင်းဆောင်ဟောင်းဟာ သူ့ ဇာတိကလပ် လီဗာပူးနဲ့ ပရီးမီးယားလိဂ် ဖလား လုံးဝ မရခဲ့ပါဘူး။ ဒါပေမယ့် ဒီတကြိမ်မှာ အသင်းဟောင်းကို အကူအညီကြီး ပေးနိုင်မယ့် အခွင့်အရေး ရှိနေပါတယ်။ သူက မန်ချက်စတာ စီးတီး ဆီကနေ အမှတ် ခွဲယူနိုင်မလား ?

မန်စီးတီး ပွဲရလဒ်က ဘယ်လိုပဲ ဖြစ်နေနေ လီဗာပူး အတွက်ကတော့ သူတို့ ထိန်းချုပ်နိုင်တဲ့ ဝုဗ်နဲ့ ပွဲကိုပဲ အနိုင် ကစားရဖို့ ရှိနေပါတယ်။ ဒါကို သူတို့ လုပ်နိုင်မယ် လို့လည်း ထင်တယ်။ ဘရူနို လာ့ချ်ရဲ့ အသင်းဟာ ဒီတလော သီတင်းပတ်တွေမှာ အားပျော့နေပြီး အနီရောင်တွေက သိပ်အင်အားကြီးတဲ့ ပြိုင်ဘက် ဖြစ်နေမှာပါ။

လီဗာပူးက ဒီပွဲကို ချယ်ဆီးနဲ့ အက်ဖ်အေဖိုင်နယ်ပွဲမှာ နာသွားတဲ့ မိုဟာမက် ဆာလာနဲ့ ဗန်ဒိုက်တို့ မထည့်ဘဲနဲ့ကို အနိုင် ရအောင် ကစားနိုင်သင့်ပါတယ်။ မာတစ်နဲ့ ကိုနတေး တို့က ဆောက်သမ်တန်နဲ့ ပွဲမှာ ထူးချွန်စွာ စွမ်းဆောင်ခဲ့တယ်။ တိုက်စစ်မှာ ဆိုရင်လည်း ဆာဒီယို မာနေး၊ ဒီယေဂို ဂျိုတာ၊ လူးဝစ် ဒီယက်စ်၊ ဒီဗော့ခ် အိုရီဂီနဲ့ တာကုမိ မီနာမီနို တို့ အားလုံး ရွေးချယ်စရာ ရှိနေပါတယ်။

ပေါလ်မာဆန် ရလဒ်ခန့်မှန်း။ ။ Liverpool 3-0 Wolves

Manchester City vs Aston Villa

ကျနော်ကတော့ အဖြေထွက်ပြီးသား သေချာနေတဲ့ လှပတဲ့ ပွဲတစ်ပွဲမှာ ပါဝင်ရတော့မယ်လို့ တွေးထင်ထားခဲ့တာ ကြာပါပြီ။ အက်စတွန်ဗီလာ က မန်ချက်စတာ စီးတီးကို အနိုင်ယူနိုင်စွမ်း ကို မရှိဘူးလို့ ကျနော် သေချာပေါက် ထင်ထားပါတယ်။ ဂွာဒီယိုလာနဲ့ သူ့ ကစားသမားတွေက ဒီ နောက်ဆုံးရက်ကျမှ တုန်လှုပ်နေစရာ မရှိပါဘူး။ သူတို့က ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးနိုင်ခွင့် ရှိတယ်၊ ဒီအလုပ်ကို ပြီးမြောက်အောင် လုပ်နိုင်သင့်တယ်။

မန်ချက်စတာ စီးတီးက ဒီတလော သီတင်းပတ်တွေ အတွင်းမှာ ခံစစ်ကို ဟထားပြီး သူတို့ဘာသာ ဒုက္ခပေးသလို ဖြစ်နေခဲ့တာ ရှိနေပါတယ်။ ဗီလာမှာက ဝက်ကင်းစ်၊ ဒန်နီအင့်နဲ့ ကော်တင်ညို လို ကစားသမားတွေ ရှိနေပြီး သူတို့က အခွင့်ရတာနဲ့ အန္တရာယ် ပေးနိုင်တဲ့ ကစားသမားတွေပါ။

မန်စီးတီး အနေနဲ့ သူတို့ ပွဲကို သေချာ ဖန်တီးပြီး လက်စတာနဲ့ ၂၀၁၉ တုန်းက ပွဲလို ဗင်းဆင့် ကွန်ပနီ ဂိုးသွင်းခဲ့သလိုမျိုး စိတ်ရှည်ရှည် လုပ်ရမှာပါ။

ပေါလ်မာဆန် ရလဒ်ခန့်မှန်း။ ။ Manchester City 2-0 Aston Villa

Chelsea vs Watford

ဂိုးဘယ်လောက်ဆို သဘောကျမလဲ? ဂိုးဘယ်လောက် လိုချင်လဲ? ပြီးခဲ့တဲ့ လက်စတာနဲ့ပွဲမှာ ဝတ်ဖိုဒ့်က ဦးဆောင်ဂိုး သွင်းယူခဲေ့ပမယ့် နောက်ဆုံးတော့ ၅-၁ နဲ့ အရေးနိမ့်ခဲ့တယ်။ ချယ်ဆီးနဲ့ပွဲမှာ ဘာအခွင့်အရေးမှ မရှိပါဘူး။

ချယ်ဆီးအတွက်က ကြီးမားတဲ့ နွေဈေးကွက်ကြီး ရောက်လာပါတေ့ာမယ်။ အဓိက ကစားသမား အများအပြားက ရာသီကုန်မှာ ထွက်ခွာသွားကြတော့မှာပါ။ သူတို့ ခံစစ်ပိုင်းမှာ ကစားသမား အင်အားဖြည့်ဖို့ လိုပါတယ်။ ဒါပေမယ့်လို့ ပိုင်ရှင်သစ် မရောက်လာခင်မှာ ဘာမှ ဆက်မလုပ်နိုင်တဲ့ အခြေအနေမျိုး ရှိနေခဲ့တာဖြစ်ပါတယ်။

ရူဒီဂါကို ဆုံးရှုံးရတာက ချယ်ဆီးအတွက် နစ်နာမှုကြီးဖြစ်ပါတယ်။ ခရစ္စတန်ဆန်ကလည်း တူချယ် လက်အောက်မှာ အရည်အချင်းကောင်းတွေ ပြသထားခဲ့တယ်။ ကွီတာ၊ အလွန်ဆိုတို့ကလည်း ထွက်သွားကြဦးမှာပါ။ ဒီတော့ ချယ်ဆီးက ခံစစ်ပိုင်းကို ပြန်ပြီး အင်အားဖြည့်ဖို့ လိုပါတယ်။

ဒီရာသီ ကလပ်နှစ်သင်းရဲ့ စွမ်းဆောင်ခဲ့တာတွေကို ကြည့်ပြီး ပြောမယ်ဆိုရင် ဒီပွဲဟာ ချယ်ဆီးအတွက် ပန်းခြံထဲ လမ်းလျှောက်ထွက်ရသလို သာသာယာယာ ဖြစ်သွားမှာပါ။

ပေါလ်မာဆန် ရလဒ်ခန့်မှန်း။ ။ Chelsea 4-0 Watford

အခြားပွဲစဉ်တွေအတွက် ပေါလ်မာဆန် ရလဒ်ခန့်မှန်းများ

  • Leicester 3-2 Southampton
  • Brentford 1-1 Leeds United
  • Burnley 0-2 Newcastle United
  • Brighton 2-2 West Ham