လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ်မှာ ချန်ပီယံလိဂ် အနိုင်ရဖို့ အခွင့်အရေး ပိုရှိတဲ့အသင်းကို အဂွယ်ရို ခန်မှန်း

အင်္ဂလန်ကလပ် လီဗာပူးအသင်းနဲ့ စပိန်ကလပ် ရီးရဲလ်မက်ဒရစ်တို့ဟာ ဒီရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒါဟာ ဥရောပရဲ့ အင်အားကြီးကလပ် နှစ်သင်း ထိပ်တိုက်တွေ့မှုပဲ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်ဖလား ၆ ကြိမ် အောင်မြင်ထားသလို ကလော့ပ် လက်ထက်မှာ ဗိုလ်လုပွဲကို ၅ နှစ်အတွင်း ၃ ရာသီမြောက် တက်ရောက်လာခဲ့တာပါ။ ဒါပေမယ့် သူတို့ ရင်ဆိုင်ရမှာက ချန်ပီယံလိဂ်ဖလား ၁၃ ကြိမ် အောင်မြင်ထားသလို နှစ်သင်း နောက်ဆုံးအကြိမ် တွေ့ဆုံမှုမှာ အနိုင်ရထားတဲ့ ရီးရဲလ်မက်ဒရစ်ဖြစ်ပါတယ်။

ဥရောပရဲ့ အထင်ကရ နှစ်သင်းလုံးဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို မကြာခဏ တက်ရောက်နိုင်ခြင်းနဲ့အတူ အတွေ့အကြုံရင့်တဲ့ ကလပ်တွေဖြစ်ကြပါတယ်။ နည်းပြတွေအနေနဲ့ ဆိုရင်လည်း အန်ဆယ်လော့တီက ဗိုလ်လုပွဲ ၅ ကြိမ် တက်ထားသလို ကလော့ပ်က ၄ ကြိမ်ထိ တက်ရောက်ထားနိုင်တာဖြစ်ပါတယ်။

ဒီပွဲနဲ့ ပတ်သက်လို့ လာလီဂါနဲ့ ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း အဂွယ်ရိုက ခန့်မှန်းခဲ့ပြီး သူကတော့ ဗိုလ်လုပွဲ သမ္ဘာပိုရင့်တဲ့ မက်ဒရစ်က အနိုင်ရရေး အခွင့်အလမ်း ပိုများမယ်လို့ ယူဆပါတယ်။

ဗိုလ်လုပွဲနဲ့ ပတ်သက်လို့ အဂွယ်ရိုက ” ပြောရခက်ပါတယ်။ ဒါပေမယ့် မက်ဒရစ်ကတော့ အခွင့်အရေးတွေ ပိုရှိမယ်လို့ ထင်ပါတယ်။ မက်ဒရစ်က ဗိုလ်လုပွဲတွေမှာ ပိုပြီး အတွေ့အကြုံ ရှိထားတယ်။ ဗိုလ်လုပွဲတွေ ပိုရောက်ထားတာတွေအရ သူတို့က ပိုအခွင့်အရေး ရှိနေမယ်လို့ ကျနော် ထင်မိပါတယ်။

လီဗာပူးက သူတို့ကို လေးစားပါလိမ့်မယ်။ မက်ဒရစ်ကို ရင်ဆိုင်ရတာက ထင်သလောက် မရိုးရှင်းဘူးဆိုတာ လီဗာပူးလည်း သိပါတယ်။ ဒါပေမယ့် အမှန်အတိုင်း ပြောရရင် ဘယ်သူနိုင်နိုင် ကျနော် ဂရုမစိုက်ပါဘူး ” ဆိုပြီး မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် မေလ ၂၈ နေ့မှာ ယှဉ်ပြိုင်ကစားမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို မူလက ပရိသတ်ပေါင်း ၆၈၀၀၀ ဝင်ဆံ့တဲ့ ရုရှားနိုင်ငံ စိန့်ပီတာဘက်ခ်မြို့က Gazprom Arena ကွင်းမှာ ကျင်းပဖို့ စီစဉ်ထားတာပါ။ ဒါပေမယ့်လို့ ယူကရိန်းကို ရုရှားတို့ ကျူးကျော်မှုနဲ့အတူ ကွင်းပြောင်းကစားဖို့ ဖြစ်လာခဲ့ပါတယ်။

ယူအီးအက်ဖ်အေကပဲ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ပြင်သစ်နိုင်ငံ ပဲရစ်အခြေစိုက် Stade de France ကွင်းမှာ ယှဉ်ပြိုင်စေဖို့ ပြောင်းလဲ ရွေးချယ်ခဲ့တယ်။ ဥရောပမှာ ၇ ခုမြောက် အကြီးဆုံးကွင်းဖြစ်သလို ပြင်သစ်ဘောလုံးအသင်းရဲ့ အိမ်ကွင်းလည်းဖြစ်တဲ့ Stade de France ဟာ ပရိသတ်ပေါင်း ၈၀၀၀၀ ကျော် ဝင်ဆံ့တဲ့ ကွင်းဖြစ်ပါတယ်။