ချန်ပီယံလိဂ်ဝင်ခွင့်ဟာ ဘဏ္ဍာရေးအရ ကလပ်တွေကို ဘယ်လောက်ထိ အကျိုးအမြတ် ရစေသလဲ

မနက်တုန်းက ယှဉ်ပြိုင်ကစားတဲ့ နယူးကာဆယ်နဲ့ အာဆင်နယ်အသင်းကြား ပရီးမီးယားလိဂ်ပွဲမှာ အာတီတာရဲ့အသင်း ၂-၀ နဲ့ အရေးနိမ့်ခြင်းကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးလုဖြစ်နေခဲ့ပါပြီ။

ပွဲရလဒ်ပြီးနောက်မှာ အာဆင်နယ်နဲ့ ပတ်သက်လို့ ဝေဖန်ချက်တွေ ဆက်တိုက် ထွက်ပေါ်လာခဲ့သလို ဒီလထဲမှာပဲ အာတီတာကို စာချုပ်သစ် ပေးခဲ့တဲ့ အာဆင်နယ်ရဲ့ လုပ်ဆောင်မှုကို ဝေဖန်မှုတွေ ကျယ်ပြန့်လာခဲ့တယ်။ တစ်ဘက်မှာလည်း စပါးနဲ့ ကွန်တီတို့ရဲ့ လက်တွဲမှုက မှန်ကန်တဲ့ ရွေးချယ်မှုအဖြစ် ချီးကျူးခံရပါတယ်။

ဒီရာသီမှာတော့ မန်စီးတီးနဲ့ လီဗာပူးအသင်းက ချန်ပီယံလိဂ်ဝင်ခွင့် ရထားခဲ့ပြီးဖြစ်ပါတယ်။ အာဆင်နယ်တို့ အရေးနိမ့်ခဲ့တာကြောင့် တတိယမြောက်အဖြစ် ချယ်ဆီးအသင်းကလည်း ချန်ပီယံလိဂ်ဝင်ခွင့် ရခဲ့ပါတယ်။ နောက်ဆုံးအပတ်အတွင်း စပါးနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ရလဒ်ကပဲ စတုတ္ထမြောက် ချန်ပီယံလိဂ်ဝင်ခွင့်ရအသင်းကို အဖြေထွက်စေပါမယ်။

မြောက်လန်ဒန်ကလပ်တွေရဲ့ အနာဂတ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်အပေါ် မူတည်ပြီး ဒီနွေမှာ ပြင်ဆင်မှုတွေ ကွဲပြားသွားမှာဖြစ်တယ်။ အာဆင်နယ်က အသုံးစရိတ် အကန့်အသတ် ရှိသွားနိုင်ချိန်မှာ စပါးကတော့ နည်းပြကွန်တီအတွက် ဈေးကွက်ထဲမှာ ငွေကြေး သုံးစွဲမှုတွေ ပြုလုပ်လာဖို့ ရှိနေပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့်ဟာ ကလပ်တွေရဲ့ ဘဏ္ဍာရေးအတွက် ဘယ်လိုတွေများ အကျိုးဖြစ်စေသလဲ အတွက် Goal ရဲ့ ဖော်ပြမှုကို ကိုးကားပြီး ပြန်လည်ဖော်ပြမှာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဟာ ဥရောပရဲ့ အဆင့်အမြင့်ဆုံးသော ပြိုင်ပွဲဖြစ်တာကြောင့် ဒီပြိုင်ပွဲမှာ ထိပ်တန်း ကစားသမားတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ချန်ပီယံလိဂ်မှာ ပါဝင်ရခြင်းဟာ ထိပ်တန်း ကစားသမားတွေကို ဆွဲဆောင်နိုင်သလို ကိုယ်အသင်းရဲ့ ကစားသမားကောင်းတွေကို ဆက်ထိန်းရေး အကူအညီဖြစ်စေပါတယ်။

ချန်ပီယံလိဂ်ကနေ ရရှိမယ့် ဆုကြေးနဲ့ ကွင်းဝင်ကြေးတွေ၊ စပွန်ဆာကြေးတွေ ရှိထားပြီး ယူအီးအက်ဖ်အေက ခွဲဝေပေးတဲ့ ဆုကြေး တစ်ခုတည်းမှာတင် အတော်လေ အကျိုးများတာကို တွေ့ရပါလိမ့်မယ်။

ချန်ပီယံလိဂ် အုပ်စုတွင်းဝင်ခွင့် အောင်မြင်ရင်ကိုပဲ ဆုကြေးတစ်ရပ် စတင်ရရှိကာ အုပ်စုတွင်း ပွဲစဉ် ၆ ပွဲမှာ ပွဲကို အနိုင်ရရင် ပေါင် ၂.၄ သန်းနဲ့ သရေကျရင် ပေါင် ၇၈၃၀၀၀ တို့ကို ထပ်မံရရှိပါတယ်။ ဒီဆုကြေးတွေက နှစ်အလိုက် ပိုပို တိုးတလာဖို့ပဲရှိပါတယ်။

ဒီနှစ်ပေးတဲ့ ဆုကြေးအရ ချန်ပီယံလိဂ်ဝင်ခွင့် အောင်မြင်ပြီး အုပ်စုအဆင့် ပွဲစဉ် ၆ ပွဲကို အနိုင်ရမယ်ဆိုရင် ဆုကြေး ပေါင် ၅၉ သန်းထိ ရမှာဖြစ်ပါတယ်။ ဒီရာသီမှာ လီဗာပူးအသင်းက ချန်ပီယံလိဂ် အုပ်စုတွင်း ပွဲစဉ် ၆ ပွဲလုံးကို အနိုင်ရခဲ့ပါတယ်။

ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ဆုကြေး

  • 16 သင်းရံှူးထွက် – ယူရို ၉.၉ သန်း
  • ကွားတားဖိုင်နယ် – ယူရို ၁၀.၆ သန်း
  • ဆီမီးဖိုင်နယ် – ယူရို ၁၂.၅ သန်း
  • ဖိုင်နယ်မှာ ရေးနိမ့်တဲ့အသင်း – ယူရို ၁၅.၅ သန်း
  • ချန်ပီယံလိဂ်ဖလား အနိုင်ရတဲ့အသင်း – ယူရို ၂၀ သန်း