၂၀၂၄-၂၀၂၅ ဘောလုံးရာသီကစလို့ “Swiss system” အဖြစ် ပြောင်းလဲကျင်းပတော့မယ့် ချန်ပီယံလိဂ်ပြိုင်ပွဲ ကျင်းပရေး ပုံစံတွေကို ယူအီးအက်ဖ်အေ အမှုဆောင်ကော်မတီကနေ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။
အကျိတ်အနယ် ဆွေးနွေးမှုတွေနဲ့အတူ အစောတုန်းက နာမည်ကြီးထားသလို အုပ်စုအဆင့် ပွဲစဉ်ကို ၁၀ အစား ၈ ပွဲကို လျော့ချပေးခဲ့ပေမယ့် ဒါဟာ ပုံမှန် ချန်ပီယံလိဂ် ပြိုင်ပွဲ အုပ်စုပွဲစဉ်တွေထက် ၂ ပွဲ ပိုကစားရမှာဖြစ်ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲဟာ ကလပ် ၃၂ သင်းအစား ၄ သင်း ပိုမို ပါဝင်လာမှာဖြစ်ပြီး စုစုပေါင်း ၃၆ သင်း ယှဉ်ပြိုင်ကြပါလိမ့်မယ်။
ဥရောပ ဦးဆောင်ကလပ်တွေနဲ့ ယူအီးအက်ဖ်အေအဖွဲ့ကြား အပေးအယူ ညိနှိုင်းမှုတွေကနေ ဝင်ခွင့် မအောင်မြင်တဲ့ ဥရောပကလပ် ၂ သင်းကို ချန်ပီယံလိဂ်ဝင်ခွင့် ပေးဖို့ သဘောတူညီခဲ့တယ်။
ဒါပေမယ့် UEFA club coefficient ကိုကြည့်ပြီး နောက်ဆုံး ၅ ရာသီအတွင်း အကောင်းဆုံး ရမှတ်ရ အသင်းတွေထဲက ၂ သင်းကို ချန်ပီယံလိဂ် ဝင်ခွင့် ပေးဖို့အစား coefficient စနစ်ကို မကြည့်ဖို့ အတည်ပြုခဲ့တယ်။ ၂၀၂၄ ခုနှစ် ကစလို့ နှစ်တစ်နှစ်အတွင်း ဥရောပရဲ့ အကောင်းဆုံး စွမ်းဆောင်ရည် ပြခဲ့တဲ့ နိုင်ငံ နှစ်ခုအတွင်းက ကလပ် ၂ သင်းကို ချန်ပီယံလိဂ်ဝင်ခွင့် ပေးအပ်မှာ ဖြစ်ပါတယ်။

စနစ်သစ်မှာ ထပ်တိုး ၄ သင်း ဝင်ခွင့်ပုံစံ
- ယူအီးအက်ဖ်အေရဲ့ နိုင်ငံအဆင့် သတ်မှတ်ချက် နံပါတ် ၅ နေရာမှာရှိတဲ့ လိဂ်မှ အမှတ်ပေးဇယား တတိယ နေရာမှ အသင်းကို ဝင်ခွင့်ပေးပါမယ်။ (လက်ရှိမှာ ပရီးမီးယားလိဂ်၊ လာလီဂါ၊ ဘွန်ဒက်လီဂါ၊ စီးရီးအေတို့နောက် နံပါတ် ၅ နေရာကို ပြင်သစ်လိဂ် လီဂူးဝမ်းက ရထားပါတယ်)
- ပြည်တွင်း ရှုံးထွက်ဖလား ချန်ပီယံဖြစ်တဲ့ ကလပ်အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့် ပေးမှာဖြစ်ကာ ချန်ပီယံလိဂ်ဝင်ခွင့် ၄ နေရာအစား ၅ နေရာ ဝင်ခွင့်ရဖို့ ရှိပါတယ်။
- နောက်ဆုံး ၂ နေရာကိုတော့ ပြီးခဲ့တဲ့ ရာသီတုန်းက အသင်းတွေရဲ့ စွမ်းဆောင်ရည်တွေကို စုပေါင်းပြီး ရမှတ်အမြင့်ဆုံးရ ဘောလုံးအဖွဲ့ချုပ် နှစ်ခုရှိရာ လိဂ်ပြိုင်ပွဲမှ ချန်ပီယံလိဂ်ဝင်ခွင့်တွေရဲ့ အနောက်မှာရှိတဲ့ ကလပ်တွေကို တစ်နေရာစီ ပေးအပ်မှာဖြစ်ပါတယ်။ ဒီရာသီ စွမ်းဆောင်ရည်ပေါင်းအရဆိုရင် အင်္ဂလန်လိဂ်နဲ့ နယ်သာလန်လိဂ်တို့က ကလပ်တစ်သင်းစီ ထပ်တိုး ဝင်ခွင့်ရမှာဖြစ်ပါတယ်။ (ပရီးမီးယားလိဂ်မှာဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့်မရတဲ့ အဆင့် ၅ အသင်းမျိုးကို ဆိုလိုပါတယ်)
စနစ်သစ်ထိ ပါလာမယ့် သဘောတူညီမှု ၂ ချက်
- အမှတ်ပေးလိဂ်ပြိုင်ပွဲတစ်ခုကနေ အမြင့်ဆုံး ချန်ပီယံလိဂ်ဝင်ခွင့် ၅ နေရာပဲရမယ့် စည်းမျဉ်းကို ဆက်ပြီး အတည်ပြုပါတယ်။ ပရီးမီးယားလိဂ်ကနေလည်း အမြင့်ဆုံး ၅ သင်းပဲ ဝင်ခွင့်ရမှာဖြစ်ပါတယ်။
- ယူအီးအက်ဖ်အေ အမှုဆောင် ကော်မတီရဲ့ အတည်ပြုမှုအရ ပွဲစဉ် အားလုံးဟာ ကြားရက်တွေမှာပဲ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဥရောပလိဂ်တွေရဲ့ အမှတ်ပေးပွဲစဉ်တွေကို ထိခိုက်မှု မရှိအောင်ဖြစ်ပါတယ်။
ပြိုင်ပွဲကျင်းပမယ့် ပုံစံ

စနစ်ဟောင်းလို စုစုပေါင်း ကလပ် ၃၂ သင်းကို ၄ သင်း ၈ အုပ်စုထားပြီး ယှဉ်ပြိုင်စေမှာ မဟုတ်ပါဘူး။ စနစ်သစ်မှာ စုစုပေါင်း ကလပ် ၃၆ သင်းထိ ယှဉ်ပြိုင်မှာဖြစ်တယ်။ ကလပ်တိုင်းက မဲနိုက်မှုကနေ မတူညီတဲ့ ပြိုင်ဘက် ၈ သင်း ရရှိမှာဖြစ်ပြီး အိမ်ကွင်း ၄ ပွဲ၊ အဝေးကွင်း ၄ ပွဲ ကစားရပါမယ်။ ရမှတ်တွေ အားလုံးကိုတော့ ကလပ် ၃၆ သင်းလုံးပါတဲ့ အမှတ်ပေးဇယားနဲ့ အဆင့်ခွဲမှာဖြစ်ပါတယ်။
အုပ်စုအဆင့် အိမ်ကွင်း ၄ ပွဲ၊ အဝေးကွင်း ၄ ပွဲ ကစားပြီးချိန် အမှတ်ပေးဇယား ထိပ်ဆုံး ၈ သင်းက ရှုံးထွက်အဆင့်ကို တိုက်ရိုက် တက်ရောက်ပါမယ်။ အဆင့် ၉ ကနေ အဆင့် ၂၄ အတွင်း ကလပ် ၁၆ သင်းကတော့ နှစ်ကျော့စနစ် ထပ်မံ ယှဉ်ပြိုင်ရပြီး အနိုင်ရတဲ့ ကလပ် ၈ သင်းက ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်ကို တက်ရောက်မှာဖြစ်ပါတယ်။
ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ကနေ ဗိုလ်လုပွဲထိ ကျင်းပပုံစံတွေကတော့ စနစ်ဟောင်းအတိုင်းပဲ ဖြစ်ပါတယ်။ ယူရိုပါလိဂ်နဲ့ ယူရိုပါကွန်းဖရန့်တွေကလည်း အလားတူ ၃၆ သင်းတွေနဲ့ စနစ်တူတူပဲလို့ သိရပါတယ်။
