ရီးရဲလ်၊ ဘာကာ၊ ဂျူဗီတို့ကို ချန်ပီယံလိဂ်ကနေ ထုတ်ပယ်နိုင်ကြောင်း ယူအီးအက်ဖ်အေ အကြီးအကဲ သတိပေး

ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာနဲ့ ဂျူဗင်တပ်တို့ဟာ စူပါလိဂ် ထောင်ဖို့ကိစ္စကို ဆက်လက် ကြိုးပမ်းနေခြင်းကြာင့် ချန်ပီယံလိဂ်ကနေ ထုတ်ပယ်ခံရနိုင်ခြေ ရှိတယ်လို့ UEFA ဥက္ကဌ ဆီဖာရင်က ပြောဆိုလိုက်ပါတယ်။

မနှစ်က ဥရောပထိပ်သီးတွေရဲ့ ချန်ပီယံလိဂ်ကနေ ခွဲထွက်မယ့် ဥရောပစူပါလိဂ် တည်ထောင်ဖို့ ကြိုးပမ်းမှု ကျရှုံးခဲ့ပြီးနောက်မှာ ဦးဆောင်ကလပ်တွေထဲ ပါဝင်ထားတဲ့ လာလီဂါ ကလပ်နှစ်ခုနဲ့ စီးရီးအေ ကလပ်တို့ဟာ စူပါလိဂ် စီမံကိန်းကနေ တရားဝင် နုတ်ထွက်ခြင်း မရှိပဲ ဆက်လက် ရပ်တည်နေတာပါ။

မက်ဒရစ် တရားရုံးက မဖြစ်မြောက်ခဲ့တဲ့ အဆိုပါပြိုင်ပွဲကို ဆက်လက် အကောင်အထည် ဖော်ချင်နေဆဲဖြစ်တဲ့ ကလပ်သုံးခုကို ပိတ်ပင်ကန့်သတ်ဖို့ UEFA ကို ခွင့်ပြုခဲ့တာနဲ့အတူ ၎င်းတို့တွေ စူပါလိဂ်ကို စဖို့ကြိုးစားတာနဲ့ အရေးယူသွားမယ်လို့ ဆီဖာရင်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“ အရင်ဆုံး၊ အဆုံးဖြတ်ကိစ္စကို အမြဲတမ်း အယူခံဝင်လို့ ရပါတယ်။ လုပ်ငန်းစဉ်က ပြီးဆုံးသွားရင် ကျွန်တော်တို့ အရေးယူဆောင်ရွက်လို့ ရပါမယ်။ ဘယ်ကလပ်ကိုမဆို အပြစ်ပေးလို့ ရပါတယ်။ တချို့က ဒါကို သံသယဖြစ်နေကြတယ်။ သူတို့ထင်တာ မှားနေပါတယ်။

စည်းမျဉ်းတွေက လူတိုင်းအတွက် အတူတူပါပဲ။ UEFA က ဝင်ငွေ ဘီလျံနဲ့ချီပြီး ရနေတယ်လို့ သူတို့က စောဒက တက်ကြတယ်။ အဲ့ဒီ့ဝင်ငွေရဲ့ ၉၃.၅ ရာခိုင်နှုန်းက ကလပ်တွေဆီကိုပဲ ပြန်ပေးရတာပါ။ ဘယ်သူမှ နားမထောင်ဘဲနဲ့ ဒါကို ကျွန်တော် ဘယ်လိုရှင်းပြရမလဲ။ ယုံချင်ယုံ မယုံချင်နေ။ ဒါပေမယ့် ဆလိုဗေးနီးယားက ဖြစ်ဖြစ်၊ ကျွန်တော့်နိုင်ငံကဖြစ်ဖြစ်၊ ဥရောပအသင်းကြီးပဲဖြစ်ဖြစ် အားလုံးကို တန်းတူဆက်ဆံပါတယ် ” လို့ ဆီဖာရင်က ဆိုပါတယ်။

UEFA အနေနဲ့ ရီးရဲလ်၊ ဘာကာ၊ ဂျူဗီတို့က ဥရောပပြိုင်ပွဲကနေ ချန်လှပ်ထားလို့ ရနိုင်လားလို့ တိုက်ရိုက် မေးမြန်းခဲ့တဲ့အခါ အဖွဲ့ချုပ်ဥက္ကဌက “ဒါပေါ့။ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒါက မှီခိုမှုကင်းတဲ့ UEFA စည်းကမ်းထိန်းသိမ်းရေး ကော်မတီရဲ့ ဆုံးဖြတ်ချက် အတိုင်းပါပဲ”လို့ ဖြေကြားခဲ့ပါတယ်။

၂၀၂၄ ကနေစပြီး ချန်ပီယံလိဂ်ပြိုင်ပွဲ စနစ်သစ်မှာ ကလပ် ၄ သင်း တိုးလာတော့မှာဖြစ်ပါတယ်။ ဝင်ခွင့်အပို ၂ နေရာ ထပ်ထည့်သွင်းမယ့်အပေါ် UEFA ရဲ့ မူလစိတ်ကူးဟာ မှားယွင်းတဲ့ ယူဆချက် ဖြစ်ခဲ့တယ်လို့လည်း ဆီဖာရင်က ဝန်ခံခဲ့ပါတယ်။

ဒါကြောင့်ပဲ နောက်ဆုံး ၅ ရာသီမှာ ယူအီးအက်ဖ်အေ ရမှတ် အမြင့်ဆုံး ကလပ် ၂ သင်းကို ချန်ပီယံလိဂ် ဝင်ခွင့် ပေးမယ့်အစား ဥရောပမှာ အသင်းလိုက် အကောင်းဆုံး စွမ်းဆောင်ခဲ့တဲ့ နိုင်ငံတွေအတွင်းက အကောင်းဆုံး ကလပ် နှစ်သင်းကို ဝင်ခွင့် ၂ နေရာ ပေးအပ်မယ့် ပြန်လည် သုံးသပ်ချက်အပြီးမှာ ဆီဖာရင် အထက်ပါအတိုင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။