မန်စီးတီးက ကံဆိုးပါတယ်လို့ မှတ်ချက်ပေးပြီး ရီးရဲလ်မက်ဒရစ်ကို ဗိုလ်လုပွဲမှာ ထပ်ယှဉ်ပြိုင်ရမှာက ရေစက်ပါပဲဆိုတဲ့ ကလော့ပ်

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ချန်ပီယံလိဂ်မှာ ရီးရဲလ်မက်ဒရစ်နဲ့ နောက်တစ်ကြိမ် ထပ်တိုက်တွေ့တာကို သဘောကျနေသလို မန်စီးတီးက ကံဆိုးခဲ့တာပါလို့ ထုတ်ပြောလာပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီး ထိပ်တိုက်တွေ့မှုမှာ အလှည့်အပြောင်းတွေ ဖြစ်ခဲ့သလို လာလီဂါ အင်အားကြီးကလပ်ဟာ ဗိုလ်လုပွဲကို ရောက်လာခဲ့ပါတယ်။ ဒီထိပ်တိုက်တွေ့မှုဟာ ဥရောပရဲ့ အထင်ကရ ကလပ်အသင်းကြီး နှစ်သင်းကြား တွေ့ဆုံခြင်းဖြစ်သလို ဒီနှစ်သင်းဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အပြန်အလှန် အနိုင်ရမှုတွေ ရှိထားခဲ့တာ ဖြစ်ပါတယ်။

ကလော့ပ်က ” ၂၀၁၈ ဗိုလ်လုပွဲမှာ အရေးနိမ့်ခဲ့တုန်းက ကျနော် အကြိုက်ဆုံး ဖြေရှင်းနည်းက နောက်နှစ် ဗိုလ်လုပွဲကို ရောက်အောင်လုပ် ရီးရဲလ်မက်ဒရစ်နဲ့ ထပ်ပြီး ရင်ဆိုင်ရဖို့ပဲ။ အဲ့အခိုက်အတန့်မှာ အဲ့နည်းပဲ ရှိခဲ့တယ်။ နောက်ရာသီ မက်ဒရစ်မှာတော့ ပြိုင်ဘက်က စပါးဖြစ်ခဲ့တာပေါ့။ အခုလို မက်ဒရစ်နဲ့ ထပ်ပြီးတွေ့ရတာက ကျနော်တို့ရဲ့ ရေစက်ပါပဲ။

မန်စီးတီးအတွက်တော့ ထူးဆန်းသလို ကံလည်း ဆိုးခဲ့ပါတယ်။ ဒါပေမယ့် မက်ဒရစ်က သိပ်ကောင်းခဲ့ပါတယ်။ သူတို့က ပီအက်စ်ဂျီ၊ ချယ်ဆီး၊ မန်စီးတီးတို့ကို ရင်ဆိုင် ကျော်ဖြတ်လာနိုင်ခဲ့တာပါ။ ဗီလာရီးရဲလ်နဲ့ မယှဉ်ပြိုင်ခင်တည်းက ကျနော်တို့ ပြောခဲ့ပါတယ်။ ဂျူဗင်တပ်နဲ့ ဘိုင်ယန်မြူးနစ်တို့ကို ကျော်ဖြတ်နိုင်မှတော့ ဆီမီးအဆင့်ကို တက်ဖို့ ထိုက်တန်ပါပြီ။

ရီးရဲလ်မက်ဒရစ်က ဒီလို ပြိုင်ဘက်ကောင်း ၃ သင်းကိုမှ အနိုင်ယူခဲ့တယ်ဆိုမှတော့ ဗိုလ်လုပွဲကို တက်ရောက်လာဖို့ သေချာပေါက်ကို ထိုက်တန်ပါတယ်။ အခုလို ထိပ်တိုက်တွေ့တာက ကောင်းပါတယ်။

အတိတ်က ဗိုလ်လုပွဲညမှာ ကျနော်တို့ မပျော်နိုင်ခဲ့တာ ရှင်းပါတယ်။ ဒါပေမယ့် အဲ့တာက အချိန်တွေ ကြာခဲ့ပါပြီ။ အခုတစ်ကြိမ် ထပ်ပြီး ကြိုးစားရမှာအတွက် ပျော်ရွှင်ပါတယ်။ ဒါပေမယ့် အဲ့မတိုင်ခင်မှာ ပွဲတွေ အများကြီး ကစားရဦးမှာမို့ သူတို့အကြောင်းကို ပြောတာတွေ ရပ်ရပါတော့မယ်။

ရီးရဲလ်မက်ဒရစ်မှာ အန်ဆယ်လော့တီ လုပ်နေခဲ့တာတွေက သိပ်ကောင်းပါတယ်။ ဗိုလ်လုပွဲကို ရောက်ပြီဆိုရင်တော့ အနိုင်ရချင်ကြတာပါပဲ။ ဒါပေမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲအတွက်က မေလ ၂၂ ရက်နေ့နဲ့ မေလ ၂၈ ရက်ကြားမှာ ကျနော်တို့ ကြိုးစားရမှာပါ။ အခုတော့ အချိန်မကျသေးပါဘူး ” လို့ ပြောဆိုသွားတာပဲ ဖြစ်ပါတယ်။