၂၀၀၉ က ဘာစီလိုနာနဲ့ပွဲမှာ ချယ်ဆီးအသင်း ပင်နယ်တီ ရသင့်ပါတယ်လို့ ဝန်ခံလိုက်ပြီဖြစ်တဲ့ ကွင်းလယ်ဒိုင်လူကြီး

၂၀၀၉ ခုနှစ်၊ ဒီလိုနေ့မျိုးမှာ ဘာစီလိုနာကို အငြင်းပွားဖွယ် ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲမှာ ချယ်ဆီးအနေဲ့ ပင်နယ်တီရရှိဖို့ ထိုက်တန်ခဲ့ပါတယ်လို့ ကွင်းလယ်ဒိုင် တွမ်ဟန်းနင်း အိုဗရီဘိုက ဝန်ခံခဲ့ပါတယ်။

အိုဗရီဘိုဟာ အဲ့ဒီ့ပွဲစဉ်ကို ကိုင်တွယ်ခဲ့ရာမှာ ချယ်ဆီးတို့ ဖိုင်နယ် တက်ရောက်နိုင်စေမယ့် ပင်နယ်တီတွေကို အကြိမ်များစွာ ငြင်းပယ်ခဲ့တဲ့နောက် ချယ်ဆီးပရိသတ်အားလုံးရဲ့ အမုန်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။ ချယ်ဆီးဟာ မိုက်ကယ်အက်ဆီယန်ရဲ့ အံ့ဩမှင်သက်ဖွယ် ဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် အဝေးဂိုးစည်းမျဉ်းရှိခဲ့တဲ့ ကာလဖြစ်လို့ ဘာကာဟာ ချေပဂိုး တစ်ဂိုးရတာနဲ့ ဖိုင်နယ်ကို တက်နိုင်ခဲ့မှာ ဖြစ်ပါတယ်။

အဲ့ဒီ့ ချေပဂိုးကို အင်နီယေစတာက မှော်ခြေထောက်နဲ့ သွင်းယူခဲ့ပြီနောက် ကွင်းလယ်ဒိုင်ရဲ့ လုပ်ရည်ကိုင်ရည်နဲ့ ပတ်သက်ပြီး စတန်းဖို့ဒ်ဘရစ်ချ် ပရိသတ်တွေ ဒေါသထွက်ခဲ့ရတယ်။ ၁၃ နှစ်ကြာပြီးတဲ့အထိ အဲ့ဒီ့ ဆုံးဖြတ်ချက်တွေအကြောင်း ပြောနေကြသေးတာက စိတ်ပျက်စရာပါလို့ အိုဗရီဘိုက သူ့အမြင်ကို ပြောပြလာခဲ့ပါတယ်။

“ အင်နီယေစတာ ဂိုးမသွင်းခဲ့ဘူးဆိုရင် ကျွန်တော်တို့ ဒိုင်လူကြီးအဖွဲ့အတွက် ပွဲအဆုံးသတ်က အများကြီး ပိုလွယ်ကူခဲ့မယ်ဆိုတာ သေချာတယ်။ အဲ့ဒါဆိုရင် ချယ်ဆီးက ဖိုင်နယ် တက်သွားမှာဖြစ်ပြီး သူတို့ပရိသတ်တွေလည်း အရက်ဘားသွားပြီးတော့ ‘ငါတို့ ပင်နယ်တီ လေးငါးခြောက်ကြိမ်လောက် ရခဲ့သင့်တာ။ ဒါပေမယ့် ကိစ္စတော့ မရှိပါဘူး။ ငါတို့က ဖိုင်နယ်ရောက်သွားပြီပဲ’ ဆိုပြီး ပြောကြမှာပေါ့။

ဒိုင်တစ်ယောက်အနေနဲ့ အဲ့လိုဂိုးမျိုးက ပွဲထဲမှာ ချခဲ့ပြီးသား ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်လို့ ငြင်းခုံနေတာတွေ၊ တုံ့ပြန်မှုတွေ၊ အငြင်းပွားစရာတွေ ပိုဖြစ်လာစေတယ်ဆိုတာ သိပါတယ်”လို့ အိုဗရီဘိုက ဆိုပါတယ်။

ပင်နယ်တီဧရိယာ အစွန်းနားမှာ ဒန်နီအဲဗက်စ်က မာလူဒါကို ခြေဖြတ်ခုတ်ခဲ့တာ တစ်ကြိမ်၊ ဒရော့ဘာကို အဲရစ် အဘီဒယ်က ဖြတ်ထုတ်ခဲ့တာတစ်ကြိမ် သိသာတဲ့ ပင်နယ်တီ တောင်းဆိုမှုတွေကို အိုဗရီဘိုက ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။ ဘရစ်ချ် ပရိသတ်ထုကြီးကလည်း ညာသံတွေပေးပြီး အဲ့ဒီ့ကျူးလွန်မှုတွေအတွက် အပြစ်ပေးဖို့ တောင်းဆိုကြပေမယ့် အိုဗရီဘိုဟာ ပီကေးရဲ့ လက်ထိဘော၊ အီတူးရဲ့ လက်ထိဘောတို့ကိုလည်း ပြစ်ဒဏ်သတ်မှတ်ပေးဖို့ ငြင်းပယ်ခဲ့ပါတယ်။

“ အဲ့ဒါတွေကို အတွေးထဲ စပြီး သတိပြုမိလာနိုင်တယ်။ ဒါပေမယ့် ကွင်းလယ်ဒိုင် တစ်ယောက်က ကိုယ့်အလုပ်ကို တသွေမတိမ်း အာရုံစိုက်ထားဖို့ အရေးကြီးတယ်။ တချိန်လုံး အဲ့လို အာရုံစိုက်နိုင်ဖို့က လွယ်ကူနေတာတော့ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်တို့အတွက် ဘာဖြစ်လာမယ်ဆိုတဲ့ အခြေအနေက အဓိကပဲ။ ဖြစ်ပြီးသွားတာကို အများကြီး အတွေးလွန်နေလို့ မရပါဘူး။

ဆက်ပြီး အာရုံစိုက်ပြီးတော့ စိတ်ကို စုစည်းထားဖို့က အရေးကြီးခဲ့ပါတယ်။ ပွဲထဲက တင်းမာမှုတွေကို အမြဲတမ်း ခံစားလို့ရခဲ့ပြီး အဲ့ဒါက ပွဲရဲ့ တစိတ်တပိုင်းပဲ။ ဒီလိုပွဲမျိုးမှာ ကွင်းပတ်ဝန်းကျင် အနေအထားက အမြဲတမ်းကောင်းပါတယ် ” လို့ ၎င်းက ဆိုပါတယ်။

ပွဲအပြီးမှာ သူ့ကို ချယ်ဆီး ကစားသမားတွေက ဝိုင်းပြီးတော့ ဘာကြောင့် ပင်နယ်တီ တစ်ကြိမ်တောင် မပေးခဲ့လဲဆိုတဲ့ အကြောင်းရင်းကို မေးမြန်းခဲ့ကြပါတယ်။ သူတို့တွေ ပင်နယ်တီတစ်ကြိမ်တော့ ရခဲ့သင့်တယ်ဆိုတဲ့ အကြောင်းကို အိုဗရီဘိုက အခုမှ ဝန်ခံလာတာပါ။

“ ပင်နယ်တီ လေးငါးခြောက်ကြိမ်လောက် ရသင့်တယ်လို့ ချယ်ဆီး ပရိသတ်တွေ ပြောတာက မမှန်ကန်ဘူးလို့ ထင်ပါတယ်။ ဒါပေမယ့် ဘောလုံးအကြောင်း၊ စည်းမျဉ်းတွေအကြောင်း သိတဲ့လူတိုင်း အဲ့ဒီ့မှာ ပင်နယ်တီတစ်ကြိမ်တော့ ပေးခဲ့သင့်တယ် ဆိုတာကို သိကြမှာပါ။

ဒါတွေက ဖြစ်တတ်ပါတယ်။ အထူးသဖြင့် VAR မတိုင်ခင်မှာပေါ့။ တခါတလေ ပင်နယ်တီ ပေးရမှာကို မသိလိုက်ဘူး။ တခါတလေ အနီကဒ်တို့ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေနဲ့ လွဲချော်သွားတတ်တယ်။ ဘောလုံးအကြောင်း သိတဲ့လူတိုင်း ပင်နယ်တီ တစ်ကြိမ် ပေးခဲ့သင့်တာ သိပါတယ်။

ဘယ်ဖြစ်ရပ်ကို ပေးသင့်လဲဆိုတာကို သူတို့တွေ မှန်းဆကြည့်လို့ရတယ်။ ကျွန်တော်ကတော့ အဖြေမှန်ကို ပြောပြမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော့်မှာ အဖြေမှန်ဆိုတာ မရှိဘူး။ ကိုယ်ပိုင်အမြင်ပဲ ရှိပါတယ်။ အဲ့လိုပွဲမျိုးမှာ ခဏခဏ ပင်နယ်တီတောင်းတာတွေ များလာတော့ တခါတလေ ကွင်းလယ်ဒိုင် တစ်ယောက်အနေနဲ့ အသင်းတစ်သင်းက အရူးလုပ်တာ ခံလိုက်ရမှာကို စိုးရိမ်လာတာပါ။

ဒါကြောင့် အဲ့ဒါက မကောင်းတဲ့ နည်းလမ်းနဲ့ ကျွန်တော့်အမြင်အပေါ် လွှမ်းမိုးသွားခဲ့တာ ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်တယ်လို့ ပြောတာပါ။ သေချာမသိပါဘူး။ ကျွန်တော်က ခင်ဗျားနဲ့အတူ ကိုယ့်အထင်ကိုယ် ပြောပြနေတာပါ။ ဒါက ဖြေရှင်းတာလည်း ဖြစ်နိုင်ပါတယ်။

ကွင်းလယ်ဒိုင်တစ်ယောက်အနေနဲ့ ပင်နယ်တီပေးဖို့ ဖိအားပေးခံရတာကို မကြိုက်တာပေါ့။ အဲ့ဒီ့မှာ VAR သာရှိခဲ့ရင် တချို့ဆုံးဖြတ်ချက်တွေက ကွဲပြားသွားလိမ့်မယ် ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ကိုယ်တိုင် အကောင်းဆုံး လုပ်နိုင်သရွေ့ ကျွန်တော့် စွမ်းဆောင်ရည်ကို ပြန်သုံးသပ်မှာ မဟုတ်ဘူး။

အဲ့ဒီ့ဖြစ်ရပ်ကနေ သင်ခန်းစာယူနိုင်သလို သင်ခန်းစာယူဖို့က အရေးကြီးပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ကျွန်တော့် ဆုံးဖြတ်ချက်တွေကို နောင်တမရဘူး။ ဒိုင်လူကြီးဘဝ နှစ် ၄၀ အတွင်း တခြားအမှားတွေလည်း လုပ်ခဲ့တာပဲ။ အဲ့ဒါတွေအားလုံးကို လိုက်ပြီး နောင်တရမနေနိုင်ဘူး ” လို့ အိုဗရီဘိုက ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။