မန်စီးတီးအသင်းရဲ့ ချန်ပီယံလိဂ် ကျရှုံးမှုကြောင့် ဂွာဒီယိုလာဟာ ယာယာတိုရေး ကျိန်စာမိနေပြီလို့ ယုံကြည်သူတွေ တိုးပွားလာနေကြောင်း ဒေးလီးမေလ်းက ဖော်ပြပါတယ်။
ပထမအကျော့မှာ ၄-၃ နဲ့ အနိုင်ရထားတဲ့ ပရီးမီးယားလိဂ် ဦးဆောင်သူတွေဟာ ဒုတိယအကျော့မှာလည်း ၁-၀ နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် မိနစ် ၉၀ မှာမှ ခြေပဂိုး ၂ ဂိုး ပေးခဲ့ရတာပါ။ ရီးရဲလ်မက်ဒရစ်က Comeback ပွဲ ကစားနိုခင်းအတွက် ချီးကျူးခံရပေမယ့် အခြားတစ်ဖက်မှာတော့ အာဖရိကသားတွေရဲ့ ဗူဒူးကျိန်စာက ဂွာဒီယိုလာကို တကယ် ထိနေပြီဆိုတဲ့ ယုံကြည်မှုတွေ မြင့်တက်လာနေတာပါ။

မန်စီးတီးရဲ့ ခေတ်သစ်မှာ အရေးပါသူဖြစ်ခဲ့သလို ပရီးမီးယားလိဂ်ဖလား ၂ ကြိမ် အနိုင်ရခဲ့တဲ့ ယာယာတိုရေးကို ဂွာဒီယိုလာရဲ့ ဆက်ဆံမှုတွေကလည်း ပြောစရာတွေ ရှိခဲ့တာဖြစ်တယ်။
၂၀၁၈ မှာ မန်စီးတီးကနေ ယာယာတိုရေး ထွက်ခွာသွားခဲ့ပြီးနောက် သူ့ရဲ့ အေးဂျင့် ဆယ်လော့က သူ့ကစားသမား အပေါ် မမျှမတ ဆက်ဆံတဲ့ ဂွာဒီယိုလာဟာ အာဖရိက ကစားသမားတွေနဲ့ ပြဿနာ ရှိသူလို့ စွပ်စွဲ ပြောဆိုခဲ့ပါတယ်။
အေးဂျင့် ဆယ်လာက ” မန်စီးတီး ဂန္တဝင် ယာယာအပေါ် ဂွာဒီယိုလာရဲ့ ဆက်ဆံမှုတွေက နည်းမျိုးစုံနဲ့ ပွဲတွေ ကစားခွင့်မရဖို့ပါပဲ။ သူက အားလုံးသော အာဖရိကသားတွေ သူနဲ့ အဆင်မပြေအောင် လုပ်နေသလို အာဖရိက ပရိသတ်တွေ မန်စီးတီးကို ကျောခိုင်းသွားအောင် လုပ်နေပါတယ်။
အာဖရိကက နတ်ဆရာတွေ အများကြီးက အနာဂတ်မှာ ဂွာဒီယိုလာ ချန်ပီယံလိဂ် ဖလား မယူနိုင်အာင် လုပ်ကြမယ်ဆိုတာ ကျနော် သေချာပြောရဲတယ်။ ဒါက ဂွာဒီယိုလာ အတွက် အာဖရိကသားတွေရဲ့ ကျိန်စာပဲ။ ကျနော်ပြောတာ မှန်၊ မမှန် သူ့ဘဝ တလျောက်လုံး သက်သေပြသွားလိမ့်မယ် ” လို့ ၂၀၁၈ မှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီစကားဟာ ဂွာဒီယိုလာနဲ့ မတည့်တဲ့ ကစားသမားတစ်ယောက်ရဲ့ အေးဂျင့်က ပြောဆိုမှုအဖြစ် သိပ် အလေးထား မခံရပါဘူး။ ဒါပေမယ့်လို့ အံ့အားသင့်ဖွယ်ကောင်းအောင် ဒီဘက်နှစ်တွေမှာ ထိပ်တန်းအဆင့်ရှိတဲ့ ဂွာဒီယိုလာရဲ့ အသင်းတွေဟာ ချန်ပီယံလိဂ်ကနေ နည်းအမျိုးမျိုးနဲ့ ထွက်ခွာလာလေ့ရှိနေတာပဲ ဖြစ်တယ်။
ရီးရဲလ်ကို အရေးနိမ့်အပြီးမှာဆိုရင် မန်စီးတီးပရိသတ်တွေ ကိုယ်တိုင်က ‘ဂွာဒီယိုလာဟာ ယာယာတိုရေး ကျိန်စာ တကယ်ထိနေပြီ’ လို့ ယုံကြည်လာသလို ‘အာဖရိက ကျိန်စာက တကယ့် အစစ်အမှန်ကြီးပဲ’ လို့ အံ့အားသင့်မှုတွေ ရှိနေပြီဖြစ်ပါတယ်။
အနာဂတ်မှာတော့ ဂွာဒီယိုလာ ချန်ပီယံလိဂ်ဖလား အနိုင်မရသ၍ သူ့အပေါ်မှာ အာဖရိကကျိန်စာသင့်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ ပိုမို ခိုင်မာလာတော့မှာပဲ ဖြစ်ပါတယ်။
